တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့၌ ကျင်းပသည့် အာရှဒေသယဉ်ကျေးမှုအမွေအနှစ်မဟာမိတ်အဖွဲ့(Alliance for Cultural Heritage in Asia-ACHA) စတုတ္ထအကြိမ်မြောက် ကောင်စီအစည်းအဝေးသို့ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း တက်ရောက်

နေပြည်တော်၊ အောက်တိုဘာလ

ယဉ်ကျေးမှု၊ ​ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့၌ အောက်တိုဘာလ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပ ပြုလုပ်သည့် အာရှဒေသယဉ်ကျေးမှုအမွေအနှစ်မဟာမိတ်အဖွဲ့ (Alliance for Cultural Heritage in Asia-ACHA)၏ စတုတ္ထအကြိမ်မြောက် ကောင်စီအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ဒုတိယဝန်ကြီးသည် ၁၇-၁၀-၂၀၂၆ ရက် နံနက်ပိုင်းတွင် ဟန်ကျိုးမြို့၊ Liangzhu Narada Resort ရှိ အစည်းအဝေးခန်းမ၌ တရုတ်နိုင်ငံ၊ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲရေးဌာန အကြီးအကဲ Mr. Qiao Yunfei နှင့်တွေ့ဆုံပြီး ACHA ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များတွင် မြန်မာနိုင်ငံအနေဖြင့် တက်ကြွစွာပူးပေါင်းပါဝင်သွားမည်ဖြစ်ပါကြောင်း၊ တရုတ် နိုင်ငံနှင့် မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ် ကြွယ်ဝသောနိုင်ငံများဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်များကိုသာမက ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကိုပါ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းကို အထူးအလေးပေး ဆောင်ရွက်နေသကဲ့သို့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ဖြစ်သော “သနပ်ခါး ယဉ်ကျေးမှု ဓလေ့”အား ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်နိုင်ရေး  အဆိုပြု တင်ပြထားရာ ယခုနှစ် ဒီဇင်ဘာလတွင် အဆုံးအဖြတ် ပေးမည်ဖြစ်သောကြောင့် တရုတ်နိုင်ငံအနေဖြင့်လည်း စာရင်းဝင်ဖြစ်နိုင်စေရေး ဝိုင်းဝန်းပံ့ပိုးပေးပါရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး Mr. Qiao Yunfei က တရုတ်-မြန်မာ နှစ်နိုင်ငံ၏ တူညီသော ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် ရှေးဟောင်းပေစာမှတ်တမ်းများအား ကာကွယ် ထိန်းသိမ်းခြင်းအစီအစဉ်နှင့် သဘာဝဘေးအန္တရာယ် မကျရောက်မီ၊ ကျရောက်ဆဲ၊ ကျရောက်ပြီး ကာလများအတွက်  စီမံခန့်ခွဲမှု လက်တွေ့သင်ကြား ပေးခြင်းအစီအစဉ်များသည် ဒြပ်ရှိ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များအတွက် အထူးပင်အကျိုးရှိသော ကိစ္စရပ်များဖြစ်သောကြောင့် ပူးပေါင်းဆောင်ရွက် လိုပါကြောင်း ပြောကြားခဲ့ရာ နှစ်နိုင်ငံအစိုးရများထံ ဆက်လက်တင်ပြသွားကြရန် ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။

နေ့လယ်ပိုင်းတွင် ဟန်ကျိုးမြို့ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် လျန်ကျူးရှေးဟောင်းမြို့နှင့် လျန်ကျူး ပြတိုက်တို့သို့ သွားရောက်လေ့လာခဲ့ပါသည်။

၁၈-၁၀-၂၀၂၆ ရက် နံနက်ပိုင်းတွင် Inter Continental Hangzhou Liangzhu ရှိ Jade Cong Ballroom ၌ ကျင်းပပြုလုပ်သည့် အာရှဒေသယဉ်ကျေးမှုအမွေအနှစ်မဟာမိတ်အဖွဲ့(ACHA) စတုတ္ထအကြိမ်မြောက် ကောင်စီအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ထို့နောက် Liangzhu 5000+ Art  and Creative Park တွင် “တရုတ်ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အစိတ် အပိုင်းများကို အတုယူဆန်းသစ်ထားသည့် ဒီဇိုင်းဖန်တီးမှုဖြင့် အမွေအနှစ်များကို ပြန်လည်ရှင်သန်စေ ခြင်းနှင့် ယဉ်ကျေးမှုဖလှယ်မှုဖြင့် လူ့ယဉ်ကျေးမှုများကို ချိတ်ဆက်ခြင်း”ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်သည့် ယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှု အထူးပြပွဲနှင့်ဈေးရောင်းပွဲတော်သို့ လေ့လာခဲ့ပါသည်။ ညနေပိုင်းတွင် Liangzhu Narada Resort ရှိ Narada Hall ၌ ကျင်းပပြုလုပ်သည့် အာရှဒေသ ယဉ်ကျေးမှုအမွေအနှစ်မဟာမိတ်အဖွဲ့ စတုတ္ထအကြိမ်မြောက်ကောင်စီအစည်းအဝေးကို တက်ရောက် ခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း(၁၂)နိုင်ငံမှ ယဉ်ကျေးမှုဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်နှင့် သံအမတ်များက သက်ဆိုင်ရာနိုင်ငံများကိုယ်စား အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေးအစီအစဉ်အရ “အန္တရာယ်ကျရောက်နေသော ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် စောင့်ရှောက်ရေး”ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၊ အီရန်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် International Alliance for the Protection of Heritage(ALIPH)အဖွဲ့အစည်းတို့က တစ်နိုင်ငံချင်း အလိုက် တင်ပြဆွေးနွေး၍ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၁၉-၁၀-၂၀၂၆ ရက် ညနေပိုင်းတွင် လေကြောင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

Loading