
မန္တလေး၊ နိုဝင်ဘာ (၅) ရက်
(၂၅)နှစ်မြောက် တက္ကသိုလ်ငွေရတုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အုန်းချော-ရွှေစာရံလမ်းရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) တွင် ကျင်းပပြု လုပ်ရာ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တက်ရောက်အားပေးချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အနုပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ၊ ပြင်ပ ပညာရှင်များ၊ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ အခမ်းအနားအစီအစဉ်ပထမပိုင်းကို တက္ကသိုလ်ပင်မမုဒ်ဦးရှေ့၌ ကျင်းပပြုလုပ်ရာ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) မှ ပါမောက္ခချုပ်တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ကံ့ကော်လေးထပ်စာသင်ဆောင်ရှေ့၌ (၂၅)နှစ်မြောက် တက္ကသိုလ်ငွေရတု အထိမ်းအမှတ်ရုပ်တုအား ပြည်ထောင်စုဝန်ကြီးက စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အခမ်းအနားတက်ရောက်လာကြသည့် ဧည့်သည်တော် ကြီးများသည် ငွေရတုအထိမ်းအမှတ် ရုပ်တုရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြ ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဓိပတိလမ်းတစ်လျှောက်တွင် အနုပညာ ဌာနအလိုက် ပြသထားသည့် တက္ကသိုလ်ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို မဉ္ဇူသကခန်းမတွင် ကျင်းပပြုလုပ်ရာ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ကို (၂၀၀၁) ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့ဆိုလျှင် (၂၅) နှစ်ပြည့်မြောက် သည့် ငွေရတုအထိမ်းအမှတ်သမိုင်းမှတ်တိုင်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ (၂၅) နှစ်တာ ကာလ အတွင်း တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ထမ်းဆောင်ပြီး၊ တာဝန်ထမ်းဆောင်ဆဲ ပါမောက္ခချုပ်များရဲ့ လမ်းညွှန်မှုများကို အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ကြတဲ့ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ အားလုံးတို့ရဲ့ စေတနာ၊ အနစ်နာခံမှု၊ အတွေ့အကြုံ၊ လေ့လာဆည်းပူးမှုများကြောင့် ယခုလို အောင်မြင်တဲ့အနုပညာတက္ကသိုလ်အဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ကြောင်း၊ တက္ကသိုလ်စတင် ဖွင့်လှစ်သည့်အချိန်မှစ၍ ယနေ့ (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ်နှစ်ပတ်လည်နေ့တိုင်အောင် စဉ်ဆက်မပြတ် တာဝန်ထမ်းဆောင်လျက်ရှိကြသူများကိုလည်း တက္ကသိုလ်ကိုယ်စားဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊
ယနေ့ ငွေရတုအထိမ်းအမှတ်အခမ်းအနားဟာ တက္ကသိုလ်ရဲ့သမိုင်းတစ်လျှောက်ဆောင်ရွက် မှုများကို ပြန်လည်အမှတ်ရဂုဏ်ပြုရုံသာမကဘဲ ရှေ့ဆက်ရမယ့် အနာဂတ်ခရီးအတွက် နိုင်ငံတော် က ချမှတ်ပေးထားတဲ့ မူဝါဒ၊ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်အောင် တွဲလက်ညီညီနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်ဖို့အတွက် တွန်းအားတစ်ခုဖြစ်ကြောင်း၊ နိုင်ငံ တစ်နိုင်ငံရဲ့ Soft Power ဟာ ယဉ်ကျေးမှု၊ ရိုးရာ၊ ဓလေ့ထုံးတမ်းများ၊ အနုပညာနဲ့ အမျိုးသားရေး လက္ခဏာများဟာ အလွန်အရေးပါတဲ့ အင်အားများဖြစ်ကြောင်း၊ ထို့ကြောင့် ယဉ်ကျေးမှုအနုပညာ ရပ်တွေကို မတိမ်ကော မပပျောက်စေရေးအတွက် လက်ဆင့်ကမ်းဖြန့်ဝေပေးရမည့် အမျိုးသား အမွေအနှစ်တစ်ရပ်ကို ထိန်းသိမ်းဖော်ဆောင်ပေးနေတဲ့ နိုင်ငံတော်အတွက် အားထားရတဲ့ တက္ကသိုလ်တစ်ခုဖြစ်ကြောင်း၊ အနုသုခုမပညာဟာ ယဉ်ကျေးမှုကို ပုံဖော်ပေးတဲ့ ကြားခံတစ်ခုဖြစ် ကြောင်း၊ စာပေမှတစ်ဆင့် အတွေးအခေါ်များကို ထိန်းသိမ်းနိုင်ခြင်း၊ ပန်းချီ၊ ပန်းပု ပညာရပ်တို့မှ တစ်ဆင့် ခေတ်ကာလ၏ အလှအပနှင့်အတွေးအမြင်များကို ဖော်ပြနိုင်ခြင်း၊ ဂီတနှင့် သဘင်တို့မှ တစ်ဆင့် ရိုးရာအနုပညာအမွေအနှစ်များကို အသက်ဝင်ရှင်သန်နိုင်စေခြင်းနှင့် ရုပ်ရှင်နှင့်ပြဇာတ်တို့မှ တစ်ဆင့် လူမှုဘဝ၊ သမိုင်းနှင့် ယဉ်ကျေးမှုအကြောင်းအရာများကို မျိုးဆက်သစ်များထံ ထိရောက်စွာ ရောက်ရှိစေနိုင်ကြောင်း၊
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ဟာ မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်များကို ရှာဖွေဖော်ထုတ်ထိန်းသိမ်းရေးနှင့် တိုးတက်ပြန့်ပွားရေး၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ဖော်ထုတ်မြှင့်တင်သင်ကြားပို့ချနိုင်ရေး၊ မြန်မာ့ရိုးရာ အနုပညာရပ်များကို ခေတ်နှင့်အညီ တိုးတက်ပြန့်ပွားအောင် ယဉ်ကျေးမှုနှင့်အနုပညာဘာသာရပ် များကို စနစ်တကျသင်ကြားပို့ချပြီး ပြည်ပနိုင်ငံများရှိ အနုပညာတက္ကသိုလ်များနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်လျက်ရှိသော တက္ကသိုလ်တစ်ခုဖြစ်ကြောင်း၊
ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာရပ်များကို စာပေပညာရပ်များနှင့် ပေါင်းစပ်သင်ကြားပေးပြီး ဝိဇ္ဇာဘွဲ့သင်တန်း၊ ဘွဲ့လွန်အနုပညာဒီပလိုမာသင်တန်း၊ မဟာဝိဇ္ဇာဘွဲ့ သင်တန်းများအပြင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာ ဒီပလိုမာ သင်တန်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ အသုံးချဒီဂျစ်တယ်အနုပညာသင်တန်းနှင့် အနုပညာ ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ (၂၅) နှစ်တာကာလအတွင်း တက္ကသိုလ်မှ ဘွဲ့ရပုဂ္ဂိုလ်ပေါင်း (၁၇၃၆) ဦးကို မွေးထုတ်ပေးနိုင်ခဲ့သည့်အပြင် မိမိတို့၏ ဝါသနာပါရာ အနုပညာရပ်များနှင့် လုပ်ငန်းနယ်ပယ်တွေမှာ အောင်မြင်မှုရရှိနေတာကို တွေ့မြင်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ တက္ကသိုလ်ရဲ့အောင်မြင်မှုသည် တစ်ဦးတစ်ယောက်တည်း၏ ကြိုးပမ်းမှုကြောင့်ရရှိခြင်းမဟုတ်ဘဲ မျိုးဆက်အသီးသီး၏ စုပေါင်းအားထုတ်မှုဖြင့် တည်ဆောက် လာခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ငွေရတုအခမ်းအနားမှာ တက္ကသိုလ်ရဲ့ (၂၅)နှစ်တာခရီး အတွင်း တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်လေးစားဂုဏ်ယူကြောင်း၊
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)အနေနဲ့ နိုင်ငံတော်ကချမှတ်ထား တဲ့ ဦးတည်ချက်၊ မူဝါဒ၊ ရည်မှန်းချက်များနဲ့အညီ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိတဲ့အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် နိုင်ငံတော်အဆင့် အခမ်းအနားများတွင် အခါအားလျော်စွာ ပေးအပ်လာသည့် တာဝန်များ၊ ဖျော်ဖြေပွဲများတွင် လိုအပ် သလို ပူးပေါင်းပါဝင်အားဖြည့်ဆောင်ရွက်ပေးလျက်ရှိတာကို တွေ့ရှိရကြောင်း၊ ဒါ့အပြင် မိမိတို့ တက္ကသိုလ်က ပညာဆည်းပူးပြီး ဘွဲ့ရသွားကြတဲ့ ကျောင်းသား၊ ကျောင်းသူများထဲမှ မိမိတို့ရွေးချယ် ထားတဲ့ အနုပညာနယ်ပယ်များမှာ ယုံကြည်စွာလျှောက်လှမ်းပြီး ပြည်သူများက အားပေးထောက်ခံ လျက်ရှိတဲ့ အနုပညာရှင်အများအပြားပေါ်ထွက်ခဲ့တဲ့ တက္ကသိုလ်ကြီးတစ်ခုလည်းဖြစ်ကြောင်း၊
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများရဲ့ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ဖော်ထုတ် မြှင့်တင်သင်ကြားပို့ချနိုင်ရေးအတွက် နှစ်စဉ် တိုင်းရင်းသားဧည့်ပညာရှင်များနဲ့ ပြင်ပပညာရှင်များက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချလျက်ရှိသည့်အတွက် တိုင်းရင်းသားရိုးရာအနုပညာရပ်များကို နည်းလမ်းမှန်ကန်စွာ လေ့လာသင်ယူခွင့်ရကြသည့်အတွက် လွန်စွာတန်ဖိုးရှိကြောင်း၊ တက္ကသိုလ်၏ သမိုင်းတစ်လျှောက်မိမိတို့၏ ပညာရပ်ဆိုင်ရာ အသိပညာ၊ အတွေ့အကြုံနှင့် အနုပညာစိတ်ဓာတ် များကို မျိုးဆက်သစ်များထံ စေတနာအပြည့်ဖြင့် မျှဝေသင်ကြားပေးသည့်အတွက် ဆရာကြီး၊ ဆရာ မကြီးများအားလုံးကို ယနေ့အခမ်းအနားမှာ လေးစားဂုဏ်ပြုမှတ်တမ်းတင်အပ်ကြောင်း၊
တက္ကသိုလ်ကို ဥပဓိရုပ်နှင့် အနှစ်သာရပိုင်းမှာ အဆင့်အတန်းမြင့်မားသည့် တက္ကသိုလ်တစ်ခု အဖြစ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်းနှင့်အတူ ထူးချွန်ထက်မြက်သည့် ယဉ်ကျေးလိမ္မာသော မျိုးဆက်သစ်အနုပညာရှင်ကောင်းများကို စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရန် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအားလုံးက ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်းကြောင့် အောင်မြင်မှုအပေါင်း နှင့် ရပ်တည်နိုင်ခဲ့တာဟာ ယနေ့ဆိုလျင် (၂၅) နှစ်တိုင် ရောက်ရှိခဲ့ပြီဖြစ်ပြီး ငွေရတုအထိမ်း အမှတ် နှစ်ပတ်လည်နေ့မှသည် လာမယ့် ရွှေရတု၊ စိန်ရတုတိုင်အောင် အောင်မြင်မှုများစွာနှင့် လျှောက်လှမ်း နိုင်ပါစေကြောင်း ဆန္ဒပြုပြောကြားသွားပါတယ်။
အစီအစဉ်အရ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၊ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက (၂၅) နှစ်မြောက် တက္ကသိုလ်ငွေရတုအထိမ်းအမှတ်အခမ်းအနားကျင်းပရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ယင်းနောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး) ၏ (၂၅) နှစ်တာခရီးကို ဗီဒီယို clip ဖြင့် ပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ကို ငွေရတုအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများအား နေရာအရောက် ဂါရဝပြု ပေးအပ်ခဲ့ပါသည်။

ဆက်လက်ပြီး တက္ကသိုလ်စတင်ဖွင့်လှစ်စဉ်မှ ယနေ့အချိန်အထိ စဉ်ဆက်မပြတ် တာဝန်ထမ်း ဆောင်လျက်ရှိသူများ၊ ထူးချွန်ဆုရရှိသူများနှင့် တက္ကသိုလ်ငွေရတုအထိမ်းအမှတ် မဂ္ဂဇင်းစာမူရှင် များအား ဆုအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက တက္ကသိုလ် ငွေရတုအထိမ်းအမှတ်သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ “တက္ကသီလံ ရွှေစာရံ” အကဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ပါသည်။
ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး သည် ၅.၁၁.၂၀၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ နန်းရှေ့ရှိ အနုပညာဦးစီးဌာနဝင်းအတွင်းသို့ သွားရောက်၍ အနုပညာအထက်တန်းကျောင်း(မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မန္တလေးမြို့ရှိ အနုပညာဦးစီးဌာနမှ ဝန်ထမ်းများအား တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက အနုပညာဦးစီးဌာန၊ မန္တလေးဌာနဝင်းနှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် အမျိုးသားဇာတ်ရုံ ပြုပြင်ဆောင်ရွက်မှုလုပ်ငန်းများ၊ ပန်တျာသင်ကြားဆောင်၊ ပန်းချီပန်းပု သင်ကြားဆောင်နှင့် ကျောင်းသားအိပ်ဆောင်များအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ထိုနောက်ပြည်ထောင်စုဝန်ကြီးသည် နှစ်ပေါင်း(၁၀၀)နှင့်အထက်သက်တမ်းရှိသည့် မန္တလေးဌာနခွဲရုံး နှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန်းမြို့ရိုး တောင်ဘက်၊ ကျော်မိုးတံခါး၏ အရှေ့ဘက် ၄၃၂’ ခန့်အကွာ (ကျော်မိုးတံခါးနှင့် ပြ-၁၂အကြား)ရှိ နန်းမြို့ရိုး ပဲ့ကျပျက်စီးမှု အခြေအနေများ၊ ကျွန်းလုံးယူပြာသာဒ်၊ နန်းမြို့ရိုးပတ်လည်ပြုပြင်ထိန်းသိမ်းနေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အရည်အသွေး ပြည့်မီသည့် ဆောက်လုပ်ရေး ပစ္စည်းများကိုသာ အသုံးပြုသွားရန်၊ မိုးရေစိမ့်ဝင်ခြင်း မရှိအောင် ဂရုပြုဆောင်ရွက်သွားရန်နှင့် ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်များပါ ကာကွယ် နိုင်ရန် ထည့်သွင်းစဉ်းစားတွက်ချက်၍ လိုက်နာဆောင်ရွက်ရမည့် (SOP) အတိုင်း အရည်အသွေး ပြည့်မီအောင်ပြုပြင်သွားရန်၊ နန်းမြို့ရိုးရေရှည်တည်တံ့အောင် ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
![]()