ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အမျိုးသားပြတိုက် (နေပြည်တော်) တွင် ကြည့်ရှုစစ်ဆေးခြင်း

နေပြည်တော် နိုဝင်ဘာ ၁၁

ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် တာဝန်ရှိသူများလိုက်ပါ၍ ၁၁-၁၁-၂၀၂၆ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် အမျိုးသားပြတိုက် (နေပြည်တော်)သို့  လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။  ဦးစွာ အမျိုးသားပြတိုက် (နေပြည်တော်) ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံရှိ အမျိုးသားပြတိုက်များ၏ သမိုင်းကြောင်း၊ အမျိုးသားပြတိုက် (နေပြည်တော်)တွင် ခင်းကျင်းပြသထားသည့် ပြခန်းများအကြောင်းနှင့် ၂၀၂၅ ခုနှစ် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့်  ထိခိုက်ခဲ့မှု အခြေအနေ ပြန်လည်ပြုပြင်ပြီးစီးမှုနှင့် ပြခန်းများ ပြန်လည်ခင်းကျင်း ဆောင်ရွက်ပြီးစီးမှုများကို  ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသား ပြတိုက်(နေပြည်တော်)တွင် ခင်းကျင်းပြသထားသည့် ပြခန်းများဖြစ်သည့် ပရိုင်းမိတ်နှင့် ကျောက်ဖြစ် ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သမိုင်းတင်ခေတ်(အေဒီ ၁၁ ရာစု – ၁၄ရာစု)ပြခန်းနှင့် လက်ဆောင်ပစ္စည်းပြခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာတာဝန်ရှိသူများက ပြခန်းအလိုက်ခင်းကျင်းပြသသော ပြကွက်များ၊ ပြသပစ္စည်းများ၏ သမိုင်းကြောင်းများ၊ မြန်မာနိုင်ငံတွင် တွေ့ရှိရသော နှစ်သန်း ၄၀ ရှိ ပရိုင်းမိတ်ရုပ်ကြွင်းများ တွေ့ရှိမှုနှင့် နောက်ခံသမိုင်းကြောင်း၊ ကျောက် ခေတ်၊ ကြေးခေတ်နှင့် သံခေတ်ယဉ်ကျေးမှုအား တစ်ဆက်တစ်စပ်တည်း တွေ့ရှိမှုသမိုင်းကြောင်းနှင့် ပြသထားမှုများ ပျူခေတ်နှင့် ပုဂံခေတ်ယဉ်ကျေးမှု ထွန်းကားခဲ့သည့် အထောက်အထားများ ခင်းကျင်း ပြသထားမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြတိုက်များသည် အသိပညာ ဗဟုသုတများ ဖြန့်ဝေပေးရာ နေရာဖြစ်သဖြင့် မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားမှုများ၊ စဉ်ဆက်မပြတ်သမိုင်းကြောင်းများ၊ ကြွယ်ဝသည့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ကျောင်းသား/ သူများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး သိရှိနိုင်စေရန် အသိပညာ ဖြန့်ဝေခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပြတိုက် အဆောက်အအုံများ ပြန်လည်ပြင်ဆင်မွမ်းမံမှုများကို လိုအပ်ချက်များရှိပါက တာဝန်ယူဆောင်ရွက်သည့် ဆောက်လုပ်ရေးကုမ္ပဏီများနှင့်ညှိနှိုင်း၍ ဆောင်ရွက်ရန်၊ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ပြခန်းများကိုလည်း စနစ်တကျ ပြန်လည်ခင်းကျင်းပြသသွားရန်၊ လက်ဆောင်ပစ္စည်းပြခန်းတွင် နိုင်ငံတော်သမ္မတကြီးအား ပြည်ပနိုင်ငံသမ္မတများ၊ ဝန်ကြီးချုပ်များက ပေးအပ်ခဲ့သည့် လက်ဆောင် ပစ္စည်းများအား ခင်းကျင်းပြသရာ၌ အကြောင်းအရာ ရှင်းလင်းချက်များ ပြည့်ပြည့်စုံစုံ ဖော်ပြ ရေးသားပြသရန်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

အမျိုးသားပြတိုက် (နေပြည်တော်)ကို ယခင်က  ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊  သမိုင်းမတင်မီခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သမိုင်းတင်ခေတ် (အေဒီ ၁၁ ရာစု  မှ ၁၄ ရာစု) ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊  မြန်မာ့အနုသုခုမပြခန်း၊ ဗုဒ္ဓအနုပညာပြခန်း၊  သီဟာသနပလ္လင်ပြခန်း၊ နိုင်ငံတော်သမ္မတများ အသုံးပြုခဲ့သည့်  မော်တော်ယာဉ်များပြခန်း၊  လက်မှုအနုပညာပြခန်း၊ အာဆီယံ ပြခန်း၊  ကလေးသူငယ်ပညာပေးပြခန်း ၊ လက်ဆောင်ပစ္စည်းပြခန်း အစရှိသည်ဖြင့်  ပြခန်း (၁၃) ခန်း ခင်းကျင်းပြသခဲ့ရာ  ၂၀၂၅ ခုနှစ် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင်၍ ယခုအခါ ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊  သမိုင်းမတင်မီခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ဦး ပြခန်း၊ သမိုင်းတင်ခေတ် (အေဒီ ၁၁ ရာစု  မှ ၁၄ ရာစု) ပြခန်း၊ မြန်မာ့ ပန်းချီပြခန်း၊  မြန်မာ့အနုသုခုမပြခန်း၊ လက်ဆောင်ပစ္စည်းပြခန်း အစရှိသည်ဖြင့် ပြခန်း(၇)ခန်းကို ပြန်လည်ဖွင့်လှစ် ပြသလျက်ရှိပြီး သီဟာသနပလ္လင်ပြခန်းကို မကြာမီထပ်မံ ဖွင့်လှစ်ပြသနိုင်ရေးအတွက်  ခင်းကျင်းလျက်ရှိပါကြောင်း နှင့် အမျိုးသားပြတိုက်(နေပြည်တော်)ကို  တနင်္လာနေ့နှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် (၉:၃၀) နာရီ မှ (၄:၃၀) နာရီအထိ ဖွင့်လှစ်ပြသလျက်ရှိကြောင်း ဌာနဆိုင်ရာများ၊  ကျောင်းသား၊ ကျောင်းသူများ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ လာရောက်ကြည့်ရှုလေ့လာပါက ပြတိုက်ဝန်ထမ်း များက ရှင်းလင်းပြသဝန်ဆောင်မှုပေးလျက်ရှိကြောင်း  သတင်းရရှိပါသည်။

Loading