
ရန်ကုန် နိုဝင်ဘာလ ၁၃
ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုး သည် ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ မြေငလျင် ကော်မတီများမှ ဥက္ကဋ္ဌများနှင့်အမှုဆောင်များ နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ( ၁၃ ) ရက်နေ့ နံနက် ( ၁၀၀၀ ) အချိန်တွင် ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ကျင်းပပြုလုပ်သည့် ပုဂံကမ္ဘာ့အမွေ အနှစ်ဒေသရှိ စေတီပုထိုးများ၏ မြေငလျင်ခံနိုင်ရည် သုတေသနလုပ်ငန်းများ အောင်မြင်ပြီးမြောက်ခြင်း ဂုဏ်ပြုပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။
ပထမဦးစွာ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများနှင့် စေတီပုထိုး များကို ထိရောက်စွာ ပြုပြင်ထိန်းသိမ်းနိုင်ခြင်း၊ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းခြင်းအတွက် သုတေသနနှင့်သင်တန်းကို တွဲဖက်ဆောင်ရွက် ခဲ့မှုသည် များစွာအကျိုး ကျေးဇူးများရရှိခြင်း၊ နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် ငလျင်ဒဏ်ခံနိုင်ရည် ရှိသည့် ပြုပြင်ထိန်းသိမ်း ရေးနည်းလမ်းများရရှိခြင်း၊ စေတီ၊ ပုထိုးများ ရေရှည်ကြံ့ခိုင်စေရန် ကြိုတင် အားဖြည့်မှုဆိုင်ရာ သုတေသနရလဒ် အချက်အလက်များ ဖော်ထုတ်နိုင်ခြင်းနှင့် သုတေသနနှင့် သင်တန်းတွင် လေ့ကျင့်သင်ယူခဲ့ကြသည့် အင်ဂျင်နီယာဝန်ထမ်းများ၏ နည်းပညာနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာခြင်းစသော အကျိုးကျေးဇူးများနှင့် ရလဒ်များရရှိသည့်အတွက် အဖိုးတန်လှသော သုတေသနလုပ်ငန်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၂၀၁၆ ငလျင်အလွန်ပြန်လည်ထူထောင်ရေးနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မြတ်က၂၀၁၇-ခုနှစ်မှစတင်၍ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ စေတီပုထိုးများ၏ မြေငလျင်ခံနိုင်ရည်နှင့် ကြိုတင်အားဖြည့်မှုဆိုင်ရာ သုတေသနလုပ်ငန်းများကို မြန်မာနိုင်ငံ ငလျင်ကော်မတီ၊ ပြည်တွင်းပြည်ပပညာရှင်များပူးပေါင်း ဆောင်ရွက်ခဲ့မှုများကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပါဝင်ဆောင်ရွက်ခဲ့သော ပညာရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ခြင်းနှင့် သုတေသနလုပ်ငန်းများတွင် လေ့ကျင့်သင်ယူခဲ့ကြသော အင်ဂျင်နီယာများကို သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ စေတီပုထိုးများ၏ မြေငလျင်ခံနိုင်ရည် သုတေသနလုပ်ငန်းများ ကို ၂၀၁၇ ခုနှစ်ကစတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၆ ခုနှစ်တွင်အောင်မြင်စွာ ပြီးမြောက်ခဲ့ခြင်းကြောင့် ပုဂံဒေသအတွက်သာမက မြန်မာနိုင်ငံတစ်ဝန်းရှိ အခြားသော ငလျင်ဒဏ်သင့်ဒေသများနှင့် ရှေးဟောင်းအမွေအနှစ်နယ်မြေများ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်ပါ အကျိုးကျေးဇူးများစွာ ရရှိလာမည်ဖြစ်ပါသည်။ အဆိုပါသုတေသနမှ ရရှိလာသော မြေငလျင်ခံနိုင်ရည်နှင့် ကြိုတင် အားဖြည့်မှုဆိုင်ရာ နည်းပညာများကို အင်းဝ၊ ပင်းယ၊ မန္တလေး၊ စစ်ကိုင်းအစရှိသည့် ယဉ်ကျေးမှု အမွေအနှစ်ဒေသများရှိ စေတီပုထိုးများနှင့် ရှေးဟောင်းအဆောက်အအုံများ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် စံပြနည်းပညာအဖြစ် အသုံးချသွားနိုင်မည်ဖြစ်ပါသည်။ မြေငလျင်လှုပ်ခတ်မှု ကြောင့် ပျက်စီးထိခိုက်ခဲ့သည့် ဒေသများရှိ ရှေးဟောင်းဗိသုကာလက်ရာများကို ပြုပြင်ထိန်းသိမ်း ရာတွင် မူလလက်ရာမပျက်စေဘဲ ခေတ်မီငလျင်ဒဏ်ခံစနစ်များ ပေါင်းစပ်အသုံးပြုနိုင်မည့် နည်းလမ်းများ ရရှိလာမည်ဖြစ်ပြီး နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် ငလျင်ဘေးအန္တရာယ်များ အတွက်လည်း ထိခိုက်ဆုံးရှုံးနိုင်ခြေများသော ဒေသများ၌ ကြိုတင်အားဖြည့် ထိန်းသိမ်းမှုဆိုင်ရာ မူဝါဒနှင့် စီမံချက်များကိုလည်း စနစ်တကျ ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
ယင်းလုပ်ငန်းစဉ်နှင့် သင်တန်းများမှတစ်ဆင့် နည်းပညာနှင့် စွမ်းဆောင်ရည်မြင့်မား လာသည့် ပြည်တွင်းအင်ဂျင်နီယာများသည် ပုဂံဒေသတွင်သာမက တစ်နိုင်ငံလုံးရှိ ငလျင်ဒဏ်သင့် ဒေသတွင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ကိုယ်တိုင်ဦးဆောင်ပါဝင် ဆောင်ရွက်နိုင်စွမ်း ရှိလာမည်ဖြစ်ပြီး ရရှိလာသည့် သုတေသနရလဒ်နှင့် အချက်အလက်များကိုအခြေခံ၍ နိုင်ငံ တစ်ဝန်းရှိ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေးဆိုင်ရာ စံသတ်မှတ်ချက်နှင့် လမ်းညွှန် ချက်များကို ရေးဆွဲသွားမည်ဖြစ်ရာ မြန်မာနိုင်ငံ၏ နိုင်ငံတကာအဆင့်မီ သဘာဝဘေးခံနိုင်ရည် ရှိသော ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးကဏ္ဍကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
![]()