
ရန်ကုန်၊ နိုဝင်ဘာလ ၁၄
ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး သည် ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ နိုဝင်ဘာလ ( ၁၄ ) ရက်နေ့ နံနက်ပိုင်းတွင် ပန်းချီ၊ ပန်းပုကျောင်း၊ ပန်တျာကျောင်းနှင့် အမျိုးသားအနုပညာပြတိုက် အဖြစ် ဖွင့်လှစ်ရန် ပြုပြင်ထိန်းသိမ်းနေသည့် ကမ္ဘောဇရိပ်သာ(ချင်းချောင်း)အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဝန်ထမ်းများ၊ ဆရာ၊ဆရာမများ ကျောင်းသား၊ကျောင်းသူများနှင့် တွေ့ဆုံအမှာစကား ပြောကြား ရာ၌ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတစ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက် ကြမည့် မျိုးဆက်သစ် လူငယ်များပင်ဖြစ်ပါကြောင်း၊ ၁၉၅၂ ခုနှစ်တွင် ပန်တျာနှင့်ပန်းချီပုကျောင်း (ရန်ကုန်)ကိုလည်းကောင်း၊ ၁၉၅၃ ခုနှစ်တွင် ပန်တျာနှင့်ပန်းချီပန်းပုကျောင်း(မန္တလေး)တို့ကို လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိလည်း နိုင်ငံတော်အနေဖြင့်လည်း စဉ်ဆက်မပြတ်ထောက်ပံ့ ကူညီလျက်ရှိပါကြောင်း၊
ယခုဆိုလျှင် ကျောင်း၏သက်တမ်းသည် နှစ်ပေါင်း (၇၄)နှစ် တိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ကျောင်းတော်ကြီးကို စတင်ဖွင့်လှစ်စဉ်က အနုပညာဘာသာရပ် တစ်ခုထဲကိုသာ ဦးစားပေးသင်ကြား ရာမှ တိုးတက်ပြောင်းလဲလာသည့် ခေတ်ကာလနှင့်လျော်ညီစေရန် ၂၀၁၀ ပြည့်နှစ်တွင်ရန်ကုန်နှင့် မန္တလေးရှိ ပန်တျာနှင့် ပန်းချီပန်းပုကျောင်းများကို ပူးပေါင်းကာ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ အနုပညာဘာသာရပ်များသာမက ကျောင်းစာကိုပါ ပူးတွဲသင်ကြားစေနိုင်ရန် ရည်ရွယ်၍ အနုပညာအထက်တန်းကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါကြောင်း၊ အဆင့်ဆင့်ပြောင်းလဲ တိုးတက် နေသော ဆက်စပ်ပညာရပ်များကိုပါ ဆည်းပူးလေ့လာ၍ အနုပညာရပ်များ ထာဝရရှင်သန်စေရန် ဆောင်ရွက်နိုင်မည့် အနုပညာရှင်များဖြစ်ရန် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်နိုင်ကြ စေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အနုပညာအထက်တန်း ကျောင်း(ရန်ကုန်)၏ ဖွင့်လှစ်သင်ကြားနေမှုများ၊ ထုတ်လုပ်ဌာနစု(ရန်ကုန်)၊ အမျိုးသားဇာတ်ရုံ (ရန်ကုန်)တို့၏ ဆောင်ရွက်နေမှုလုပ်ငန်းစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် အမျိုးသားပြတိုက် (ရန်ကုန် ) ညွှန်ကြားရေးမှူးက အမျိုးသားအနုပညာပြတိုက် (ချင်းချောင်း) ၏ သမိုင်းကြောင်း၊ ယခင်က ပြုပြင်ထိန်းသိမ်းခဲ့သည့် အခြေအနေနှင့် ယခုနှစ်တွင် ပြုပြင်ထိန်းသိမ်းနေသည့် အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် မြေညီထပ်နှင့် ပထမထပ်ရှိ ကြမ်းခင်းများပြုပြင်ခြင်း၊ ပေါလစ်အရောင်တင်ခြင်း၊ ကြွေပြားကြမ်းခင်းပြုပြင်ခြင်း လုပ်ငန်းများ၊ သစ်သားလှေကားများ ဆေးသုတ်ခြင်းလုပ်ငန်းများနှင့် အဆောက်အအုံ၏ မိုးယိုသော နေရာရှိ သွပ်အမိုး၊ ရေလိမ်များ လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ အင်ဂျင်နီယာ ညွှန်ကြားရေးမှူးနှင့် တာဝန်ယူ ပြုပြင်ထိန်းသိမ်းနေသည့် ကုမ္ပဏီက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပစ္စည်းအလေ့အလွင့်မရှိစေရန်နှင့် ရှေးဟောင်း အဆောက်အအုံဖြစ်သည့်အတွက် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ အဆောက်အအုံကို ပြုပြင်ထိန်းသိမ်းပြီးစီးပါက ပန်းချီ၊ ပန်းပုအနုပညာ လက်ရာများ ခင်းကျင်းပြသရန် လျာထားမှုကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက နှစ်ပေါင်း(၁၀၀)ကျော် ရှေးဟောင်းအဆောက်အအုံဖြစ်၍ အထူးဂရုပြု ပြုပြင်ထိန်းသိမ်းရန်၊ ရှေးဟောင်းအဆောက်အအုံတွင် မြန်မာ့ရိုးရာ ပန်းချီ၊ ပန်းပုပညာရပ်များကို နိုင်ငံတကာ အဆင့်အတန်းမီမီ အထောက်အကူပြုများဖြင့် ဂုဏ်ယူစွာပြသနိုင်အောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။
ကမ္ဘောဇရိပ်သာ(ချင်းချောင်း)တွင် အမျိုးသားအနုပညာပြတိုက်အဖြစ် ဖွင့်လှစ်ပြသရင်း မြန်မာ့အနုပညာနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာကသိအောင်ပြသရင်း မြှင့်တင်ရန်၊ အနုပညာအထက်တန်းကျောင်းနှင့် ပြတိုက်ပေါင်းစပ်ကာ သင်ယူမှုဗဟိုချက်နှင့်အနုပညာရပ်ဆိုင်ရာ အမွေအနှစ်များပါ လေ့လာကြည့်ရှုသင်ယူနိုင်ရေး စီမံဆောင်ရွက်ရန်၊ ပြည်သူလူထုအပန်းဖြေရန် နေရာ၊ ခရီးသွားဆွဲဆောင်မှုနေရာအသစ်တစ်ခု ဖော်ထုတ်ဆောင်ရွက်ရန် ရည်ရွယ်လျက် မြန်မာ့ အနုပညာနှင့် ယဉ်ကျေးမှုတို့ စုစည်းရာ အမျိုးသားအနုပညာပြတိုက် (National Art Museum) အဖြစ် နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်ပြသသွားရန် လျာထားစီမံဆောင်ရွက်လျက်ရှိပြီး မြန်မာ့ရိုးရာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ( Intangible Cultural Heritage ICH ) ဖော်ထုတ်ခြင်း လုပ်ငန်းများ၊ အနုပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ၏ အပတ်စဉ်ဖျော်ဖြေ တင်ဆက်မှုများ၊ မြန်မာ့ရိုးရာ အစားအသောက်များနှင့် ပေါင်းစပ်ထားသော ရှင်သန်နေသောပြတိုက် (Living Museum) ပုံစံဖြင့် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
![]()