အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ဂီတ၊ သဘင်၊ ပန်းချီ၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနတို့မှ စတုတ္ထနှစ်၊ မဟာဝိဇ္ဇာပထမနှစ် နှင့် ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုဖြစ်သော ပြည်၊ သရေခေတ္တရာသို့ လေ့လာရေးခရီး သွားရောက်ခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေး ဦးဆောင်၍ အုပ်ချုပ်သူ ဆရာ၊ ဆရာမများ၊ ရုံးလုပ်ငန်းအဖွဲ့ဝန်ထမ်းများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ဂီတ၊ သဘင်၊ ပန်းချီ၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနတို့မှ စတုတ္ထနှစ်၊ မဟာဝိဇ္ဇာ ပထမနှစ် နှင့် ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများသည် ဒေသန္တရဗဟုသုတ ရရှိစေရန်နှင့် လေ့လာရေးခရီးစဉ်အတွင်း အထူးပြုဘာသာရပ်အလိုက် Art Work ပြုလုပ်ရန် ၂၉-၈-၂၀၂၅ ရက်နေ့မှ ၃၀-၈-၂၀၂၅ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများနှင့် တန်ခိုးကြီးဘုရားများသို့ လေ့လာရေးခရီး သွားရောက်ခဲ့ပါသည်။

          ခရီးစဉ်အတွင်း  ရွှေတောင်မြို့ရှိ ရွှေမျက်မှန်ဘုရား၊ ရဟန္တာ(၈၀)၊  သရေခေတ္တရာရေှးဟောင်း သုတေသနပြတိုက်၊ ကုန်းအမှတ်(၅၃)၊ ရဟန္တာကန်၊ ဘောဘောကြီးစေတီ၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်းအနီးရှိ နတ်ပေါက်၊ ဘုရားမာစေတီ၊ ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာ ပျူမြို့ဟောင်းအထိမ်းအမှတ် ကျောက်တုံးအနီးရှိ နဂါးတွန့်မြို့ရိုး၊ ဘုရားကြီးစေတီ၊ ရွှေဘုံသာမုနိ စေတီတော် ပြည်ရွှေဆံတော် ဘုရားသို့ သွားရောက်လေ့လာခဲ့ကြပါသည်။

          တက္ကသိုလ်၏ လေ့လာရေးခရီးစဉ်သည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)ရှိ စတုတ္ထနှစ်၊ မဟာဝိဇ္ဇာပထမနှစ် နှင့် ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ဒေသန္တရဗဟုသုတရရှိစေခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အား တန်ဖိုးထား မြတ်နိုးတတ် လာစေခြင်း၊ လမ်းခရီးတစ်လျှောက် ဒေသရှုခင်းများ လေ့လာမှတ်တမ်းတင်နိုင်ခြင်း၊ ကျောင်းသား၊ ကျောင်းသူအများစုမှာ “ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာပျူမြို့ဟောင်း” ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ မရောက်ဖူးသည့်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က ပျူလူမျိုးတို့၏ ဗိသုကာ လက်ရာများ၊ ဓလေ့ထုံးစံများ၊ တန်ခိုးကြီးဘုရားများရှိ ရုပ်လုံးရုပ်ကြွများ၊ ကျောက်စာချပ်များ၊ ယဉ်ကျေးမှုအမွေအနှစ်များကို လေ့လာခွင့်ရခြင်း၊ မိမိတို့ကိုးကွယ်သည့် ဗုဒ္ဓဘာသာအပေါ် သက်ဝင် ယုံကြည်မှုပိုမိုစေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိခဲ့ပါသည်။

Loading