အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ အာစရိယပူဇော်ပွဲ အခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ ၁၀:၀၀ နာရီ တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဂီတပညာဌာနမှ မောင်မျိုးခန့်မောင်မောင်နှင့် မအိမွန်ဇင် တို့က “မြတ်ဆရာ”သီချင်းဖြင့် သီဆို၍ သဘင်ပညာဌာနမှ မောင်ခန့်လင်းမြတ်က ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူမောင်/မယ်များက ဆီမီးခွက်များ ကိုင်ဆောင်လျက် ခန်းမအတွင်းသို့ဝင်ရောက်ခြင်း၊ ဂီတပညာဌာနမှ မောင်မျိုးခန့်မောင်မောင်က ကန်တော့ချိုးအား ဦးဆောင်တိုင်ပေး၍ ကျောင်းသား၊ ကျောင်းသူများက ပါမောက္ခချုပ်ကြီးနှင့်တကွ ကန်တော့ခံဆရာ၊ ဆရာမများအား ရှိခိုးကန်တော့ခြင်း၊ ဂီတပညာဌာနမှ မမြင့်မိုရ်သွန်းခ ရေးစပ်သီကုံးသော “စာဖွဲ့ကာစီမြတ်ဆရာမည်”ရှစ်ဆယ်ပေါ်တေးထပ်ကို မထက်ဧကရီလွင်က သီဆိုဂါရဝပြုခြင်းတို့ပြုလုပ်ခဲ့ပါသည်။
ထို့နောက် ပါမောက္ခချုပ်ဒေါက်တာကေသီထွေးက ဩဝါဒစကားပြောကြားခြင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးလှခိုင်နှင့် ဒုတိယပါမောက္ခချုပ်(သင်ကြား) ဦးခိုင်ထွန်းတို့က ဩဝါဒစကားပြောကြားပြီးနောက် ၂၁-၆-၂၀၂၄ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် ဘာသာပြန်ပြိုင်ပွဲ (Translation Competition) တွင် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူ(၅) ဦးအား ဆုချီးမြှင့်ခဲ့ပါသည်။
အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ တက်ရောက်ခဲ့ပြီး တက္ကသိုလ်ဓမ္မာရုံတွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။


![]()