သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပမည့် နေရာများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်အောက်တိုဘာလ၂ ရက်

(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် နေပြည်တော်၌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ၂-၁၀-၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့် MICC-I သို့ သွားရောက်ပြီး အခမ်းအနားကျင်းပနိုင်ရေးအတွက် ပြင်ဆင် ထားရှိမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် အဆိုပြိုင်ပွဲ (ခေတ်ဟောင်း/ကာလပေါ်တေးသီချင်း)နှင့် အတီးပြိုင်ပွဲ (ပတ္တလား၊ ဂီတာ) ပြိုင်ပွဲများ ကျင်းပမည့် အမျိုးသားစာကြည့်တိုက်ရှိ ဝန်ဇင်းမင်းရာဇာခန်းမ ပြင်ဆင်ထားမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ အဆိုပြိုင်ပွဲ (မဟာဂီတ)နှင့် အတီးပြိုင်ပွဲ (စောင်း) ကျင်းပမည့် အမျိုးသား ပြတိုက်ရှိ Mini Theatre တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ တစ်ဆက်တည်းမှာပင် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားပြတိုက်(နေပြည်တော်)ရှိ လက်ဆောင်ပစ္စည်းပြခန်းတွင် ခင်းကျင်းပြသထားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောက်ရှိစဉ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက လက်ဆောင်ပေးအပ်သည့် ကြွေပန်းအိုး၊ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်က လက်ဆောင်ပေးအပ်သည့် အိန္ဒိယရိုးရာ ကြေးရုပ်ထု၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိစဉ် ရုရှားသမ္မတက လက်ဆောင်ပေးအပ်သည့် ကြေးရေနွေး ခရားအိုးနှင့် ကာဇက်စတန်နိုင်ငံသို့ ရောက်ရှိစဉ် ကာဇက်စတန်သမ္မတက လက်ဆောင်ပေးအပ်သည့် သံဖြူစိမ် အရှေ့တိုင်းဓားတို့အား ခင်းကျင်းပြသထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စနစ်တကျ ခင်းကျင်း ပြသရေးနှင့် စနစ်တကျထိန်းသိမ်းထားရှိရေးတို့ကို လမ်းညွှန်မှာကြားပါသည်။

ပြည်ထောင်စုဝန်ကြီးသည် အတီးပြိုင်ပွဲ (ဆိုင်းတစ်ဦးချင်း၊ ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်နှင့် မယ်ဒလင်ပြိုင်ပွဲ)များကျင်းပမည့် ပုဗ္ဗသီရိတပ်နယ်ခန်းမသို့လည်းကောင်း၊ အကပြိုင်ပွဲ၊ အဆိုပြိုင်ပွဲ (အမျိုးဂုဏ်၊ဇာတိဂုဏ်မြှင့်တင်ရေးတေးသီချင်းပြိုင်ပွဲ)နှင့် အတီးပြိုင်ပွဲ(အိုးစည်၊ ဒိုးပတ်ပြိုင်ပွဲ)များ ကျင်းပရန်လျာထားသည့် အမှတ်(၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမသို့ လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အရေးပြိုင်ပွဲနှင့် အတီးပြိုင်ပွဲ (စန္ဒရား၊ ဒုံမင်း) ကျင်းပ မည့်ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမနှင့် အတီးပြိုင်ပွဲ (တယော၊ နှဲ၊ ပုလွေ) ကျင်းပမည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လေ့ကျင့်ရေးဇာတ်ရုံသို့ ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပါသည်။ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ပြိုင်ပွဲ ကျင်းပမည့်နေရာများ သန့်ရှင်းသာယာလှပစေရေး၊ ပြိုင်ပွဲများတွင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ စိတ်ချမ်းမြေ့စွာယှဉ်ပြိုင်နိုင်ရေးနှင့် ကြည့်ရှုအားပေးသူများ အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Loading