မြန်မာ့ယဉ်ကျေးမှုသမိုင်းကြောင်းဆိုင်ရာ စာအုပ်ပုံနှိပ်ထုတ်ဝေနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၀၉ ၃၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၅)၊ လောကနတ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က နိုင်ငံတော်အကြီးအကဲလမ်းညွှန်မှုအရ မြန်မာ့ယဉ်ကျေးမှုသမိုင်းကြောင်းဆိုင်ရာ စာအုပ်ပုံနှိပ် ထုတ်ဝေနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခင်ထုတ်ဝေခဲ့ပြီးသော စာအုပ်၊ စာစောင်ပါး အချက်အလက်၊ အထောက်အထားများကို ပြန်လည်စုစည်း၍ ကျစ်ကျစ်လစ်လစ်ဖြင့် ထိထိရောက်ရောက်ရှိမည့် စာအုပ်တစ်အုပ်ဖြစ်ရန် လိုအပ်ပါကြောင်း၊ Kazakhs History and Culture စာအုပ်ပါအကြောင်း အရာများကဲ့သို့ မိမိတို့ ယခင်ပြုစုထားရှိပြီးဖြစ်သော မြန်မာ့သမိုင်းကြောင်းဆိုင်ရာ ယဉ်ကျေးမှု၊ လူမှုစီးပွား၊ ဓလေ့ထုံးတမ်းစဉ်လာစသည့် အချက်အလက်များကို ခေါင်းစဉ်အလိုက် ထည့်သွင်း၍ လိုအပ်သည့် အချက်အလက်များကို ထပ်မံဖြည့်သွင်းရေးသားရန်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ဝတ်စားဆင်ယင်မှုမှစ၍ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို ထည့်သွင်းပြုစုရန်လိုအပ်ပါကြောင်း၊ စာအုပ်ပုံနှိပ် ထုတ်ဝေနိုင်ရေးအတွက် မြန်မာသမိုင်း ပညာရှင်ကြီးများ၏ အကြံဉာဏ်ကိုရယူပြီး သက်ဆိုင်ရာ ဦးစီးဌာနများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်တို့ တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက မြန်မာ့ယဉ်ကျေးမှု သမိုင်းကြောင်းဆိုင်ရာ အချက်အလက် များကို သက်ဆိုင်ရာနယ်ပယ်အလိုက် ရေးသားပြုစုပြီး မာတိကာခေါင်းစဉ်များခွဲ၍ ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြ သည့် သက်ဆိုင်ရာဦးစီးဌာနများ၊ တက္ကသိုလ်တို့မှ တာဝန်ရှိသူများနှင့် မြန်မာသမိုင်းအဖွဲ့မှ သမိုင်း ပညာရှင်ကြီးများက ပါဝင်သင့်သည့် သမိုင်းဆိုင်ရာအချက်အလက်များကို အကြံပြုဆွေးနွေး တင်ပြ ကြပါသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာသမိုင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
![]()