အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်၊ (၂၈)ကြိမ်မြောက် ပန်းချီ၊ ပန်းပု ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူ စင်တင်တင်ဆက်ပွဲအခမ်းအနားကို ၃ဝ-၉-၂၀၂၅ ရက်၊ အင်္ဂါနေ့၊ နံနက်(၀၉:၀၀)နာရီတွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်း၊ အမျိုးသားဇာတ်ရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ဖြူမာဝေ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦးနှင့်ဇနီး၊ မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များ အစည်းအရုံး(ဗဟို) မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များကောင်စီမှ အဖွဲ့ဝင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပညာရေးအဖွဲ့ဝင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဒုတိယ ပါမောက္ခချုပ်(စီမံ)၊ ပါမောက္ခ/ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ရုံးလုပ်ငန်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှ အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ၎င်းတို့၏ မိသားစုဝင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှ တွဲဖက်ပါမောက္ခများ၊ တက္ကသိုလ်ဒီဂရီကောလိပ်မှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများ၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် နှင့် အထက(၂)ဒဂုံမှ ကျောင်းသား၊ ကျောင်းသူများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အချိန်ပိုင်းအနုပညာ ဒီပလိုမာသင်တန်းမှ ကျောင်းသား၊ ကျောင်းသူများ၊ သတင်းမီဒီယာအဖွဲ့များ၊ စုစုပေါင်း (၁၀၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ အခမ်းအနား၏ ပထမပိုင်းအစီအစဉ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီးနှင့်တကွ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများက သင်ကြားရေးဌာနအလိုက် ဝိဇ္ဇာဘွဲ့ယူစာတမ်းများ၊ မဟာဝိဇ္ဇာဘွဲ့ယူကျမ်းများအား ကြည့်ရှုပြီး ပန်းချီ၊ပန်းပုကျောင်းသား၊ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့်အတူ ယဉ်ကျေးမှုစီမံခန့်ခွဲမှု ပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများ၏ ကွင်းဆင်းလေ့လာခဲ့မှု မှတ်တမ်းများကို လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။
ဒုတိယပိုင်းအစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်း က မုဒိတာစကားပြောကြားခြင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဒေါက်တာကေသီထွေးက ဂုဏ်ပြုအမှာစကား ပြောကြားခြင်း၊ ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ပြီးနောက် ဧည့်သည်တော်များနှင့်အတူ ဘွဲ့ယူစွမ်းရည်ပြ ကျောင်းသား ၊ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
တတိယပိုင်းအစီအစဉ်အရ ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူစင်တင်တင်ဆက်ပွဲကို ကြည့်ရှုခဲ့ရာ ဖျော်ဖြေရေးအစီအစဉ်များ ဖြစ်သည့် ဂီတပညာဌာနမှ “မောင်မယ်စုံစွာ ဆိုင်းမဟာ”၊ သဘင်ပညာဌာနမှ “ပွဲဦးရွင်ပျော်ကျော်(၄)ကျော်” (နတ်ချင်းယိမ်းအက) ၊ ဂီတပညာဌာနမှ “ရှစ်ခန်းအလှစီယိုးဒယားမည်”(တေးသီချင်း) ၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန မှ “လောဘကွန်ရက်” (ပြဇာတ်)၊ သဘင်ပညာဌာနမှ “ကြာမျိုးငါးလီ ခင်ပျိုမဒီ” (ယိမ်းအက) ၊ ဂီတပညာဌာနမှ “ကျေးလက်ရိုးရာမြတ်နိုးမှာ” (သံစုံတီးဝိုင်း+အဆို)၊ သဘင်ပညာဌာနမှ “လက်ဆင့်ကမ်းစေ ရုပ်သေးအမွေ” (သရုပ်ဖော်ရုပ်သေးဇာတ်)၊ ဂီတပညာဌာနနှင့် သဘင် ပညာဌာနတို့မှ “ပေါင်းစည်းညီညာတို့ရိုးရာ” (ကရင်၊ မွန်၊ ရခိုင်တိုင်းရင်းသားရိုးရာ) တေးသီချင်း ( အဆို၊ အက၊ အတီး)၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ “ပြင်ဆင်ခွင့်” ရုပ်ရှင်ဇာတ်ကား သဘင်ပညာဌာနမှ “ပရဟိတမောင်မဃ” (ဆို၊ငို၊ပြောဇာတ်တော်ကြီး၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ “ခေတ္တ”ရုပ်ရှင် ဇာတ်ကားကြီး၊ ပညာဌာနများအားလုံးမှ “ပွင့်လန်းဝေဖြာတက္ကသီလာ” (Theme Song) စသည့် အစီအစဉ် (၁၂)ခုဖြင့် ဖျော်ဖြေတင်ဆက် ကပြခဲ့ကြပါသည်။ ထို့နောက် ဖျော်ဖြေရေးအစီအစဉ်အခမ်းအနားအပြီးတွင် ဖျော်ဖြေတင်ဆက်မှု၌ ပါဝင်သူများအား အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ညနေ(၁၆:၃၀) နာရီ တွင် ရုပ်သိမ်းခဲ့ပါသည်။









![]()