ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံ အပြည်ပြည်ဆိုင်ရာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနေ့ (International Day of Intangible Cultural Heritage)အထိမ်း အမှတ်အခမ်းအနားတက်ရောက်

အပြည်ပြည်ဆိုင်ရာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနေ့ (International Day of Intangible Cultural Heritage)အထိမ်းအမှတ်အနေဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ကကျင်းပသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ စကားဝိုင်းဆွေးနွေးပွဲနှင့်ပြပွဲ”အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမျိုးသား ပြတိုက်(ရန်ကုန်)ပထမထပ် ဘက်စုံခန်းမ၌ကျင်းပသည်။

          အဆိုပါစကားဝိုင်းဆွေးနွေးနှင့်ပြပွဲကို ရန်ကုန်တိုင်းဒသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး(ယဉ်ကျေးမှု)ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဌေးအောင်၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ငြိမ်း)၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်စန္ဒာခင်၊ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်မှပညာရှင်များ၊  ဌာနဆိုင်ရာအသီးသီးနှင့် တက္ကသိုလ်ကောလိပ်များ မှဖိတ်ကြားထားသူများ ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ များမှ ပုဂ္ဂိုလ်များ၊ မျိုးဆက်သစ်လူငယ်များနှင့် အမျိုးသားပြတိုက်(ရန်ကုန်)မှ ဝန်ထမ်းများ တက်ရောက်ကြပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအောက်ရှိ ဌာနခွဲ၊ ဌာနစုအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ ကလည်း Online ဖြင့် တက်ရောက်ကြပါသည်။

          စကားဝိုင်းဆွေးနွေးပွဲနှင့်ပြပွဲအခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယနေ့သည် ကျွန်တော်တို့အတွက် ယဉ်ကျေးမှုဆိုင်ရာ မင်္ဂလာနေ့တစ်နေ့ဖြစ်ကြောင်း ပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ၊ လူမှုအသိုက်အဝန်းနှင့် မျိုးဆက်သစ်လူငယ်များ ပါဝင်ပြီး အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် အထူးဝမ်းမြောက်ဂုဏ် ယူမိပါကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဆိုတာ ကိုင်တွယ်ထိတွေ့မှုမပြုနိုင်ပေမယ့် လူသားတိုင်းအတွက် နားလည်ခံစားသက်ဝင်လှုပ်ရှား နေတဲ့ယဉ်ကျေးမှု ဖြစ်ပါကြောင်း၊ လူသားမျိုးနွယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အသိပညာ၊          အတတ်ပညာဖြစ်၍ အလွန်အရေးပါသော ယဉ်ကျေးမှုဖြစ်ပါကြောင်း၊ လူသားတွေနဲ့အတူ ရှင်သန်နေသော ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် မြို့ပြလူနေမှုဘဝ ပုံစံပြောင်းလဲလာမှု၊ နည်းပညာတိုးတက်လာမှု၊ နိုင်ငံအချင်းချင်း ဆက်သွယ်မှု လျှင်မြန်လာသည် နှင့်အမျှ ယဉ်ကျေးမှုတွေကလည်း ကူးလူးဆက်နွယ်နေပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ဖို့ အလွန်အရေးကြီး ပါကြောင်း၊ မြန်မာတို့၏ ဒြပ်ရှိ၊ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များသည် မြန်မာ့ယဉ်ကျေးမှု ဖြစ်ပါကြောင်း၊ ဒြမ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ယူနစ်စကို စာရင်းဝင် လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကမ္ဘာ့အဆင့်ဖြစ်အောင် ကဏ္ဍပေါင်းစုံ ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြသဖြင့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် သည် စာရင်းဝင်ခဲ့သည်မှာ အားလုံးအသိဖြစ်ပါကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှု ထိန်းသိမ်းစောင့် ရှောက်ရေးနှင့်မြှင့်တင်ရေးအတွက် ဝန်ကြီးဌာနသာမက သက်ဆိုင်ရာတိုင်းဒေသကြီး အသီးသီးမှ ကူညီထောက်ပံ့မှု သက်ဆိုင်အသင်းအဖွဲ့အသီးသီးမှ ပညာရှင်များ၊ လူမှုအသိုက်အဝန်းမှ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုအမွေ အနှစ်ထိန်းသိန်းစောင့်ရှောက်ရေးကဏ္ဍအဖြစ် လှုပ်ရှားမှုများ၊ ပြပွဲများစသည်တို့ကိုလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးဒေါ်နုမြဇံက အဖွင့်အမှာစကား ပြောကြားရာတွင် ယူနက်စကို၏ ၂၀၂၃ခုနှစ်၊ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ်(၃၄)အရ နှစ်စဉ် အောက်တိုဘာလ(၁၇)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနေ့ (International Day of Intangible Cultural Heritage)အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ယခင်နှစ်က ပထမအကြိမ်အခမ်းအနားကို ကမ္ဘာတစ်ဝန်းတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ယခုနှစ်၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်နေ့တွင်  ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်များနေ့ကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပါ‌ကြောင်း၊ အပြည်ပြည်ဆိုင်ရာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနေ့  ကျင်းပရခြင်းမှာ ဒြပ်မဲ့ယဉ်ကျေးမှု အကြောင်းကို ပြည်သူလူထုမှ ပိုမိုသိမြင်နားလည်ပြီး မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ အသိပညာမြှင့်တင်ရန် မိမိတို့၏ ဘိုးဘွားအမွေဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ရန်အတွက်ဖြစ်ကြောင်း၊  မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝ သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး  ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ  ပုံစံမျိုးစုံနဲ့တည်ရှိနေကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်တွေမှာ ကိုင်တွယ်ထိတွေ့နိုင်သည့် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ် (Tangible Cultural Heritage-TCH) နဲ့ ကိုင်တွယ်ထိတွေ့မှု မပြုနိုင်သည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်(Intangible Cultural Heritage-ICH)ဆိုပြီး နှစ်မျိုးရှိပါကြောင်း၊  TCH တွင် ရှေးဟောင်းအဆောက်အအုံများ၊ ရှေးဟောင်းနေရာများ၊  ရှေးဟောင်းဝတ္ထုပစ္စည်းများစသည်တို့ ပါဝင်ပြီး  ICH တွင်Domain (၅)ခု ဖြစ်သည့် (က)ဘာသာစကားများ၊ ပါးစပ်ရာဇဝင်နှင့် နှုတ်ပြော အစဉ်အလာဖော်ပြချက်များ (ခ) ဖျော်ဖြေတင်ဆက်မှု အနုပညာများ   (ဂ)          လူမှုရေးအစဉ် အလာအလေ့အထများနှင့် ရိုးရာဓလေ့များ (ဃ) သဘာဝစကြာဝဠာဆိုင်ရာ ဗဟုသုတနှင့် ရိုးရာအစဉ်အလာအလေ့အထများ  (င) ရိုးရာလက်မှုပညာရပ်များ  ပါဝင်ကြောင်း၊ မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် စာရင်းကောက်ယူထားသော ICH Lists ၂၂၈၉ ခုကို အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် မှတ်ပုံတင်စာရင်း ပထမအကြိမ် သတ်မှတ်ထားပြီး ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ရက် ၇ ရက်အထိ ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့တွင် ကျင်းသော ၁၉ ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် မြန်မာနိုင်ငံမှ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ( 19. COM 7.b.50 Myanmar Triditional New Year Ata Thingyan Festival)ကို ပထမဆုံး လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် “မြန်မာ့သနပ်ခါး”ကိုလည်း မြန်မာ နိုင်ငံမှ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုတွင် တင်သွင်းထားပြီး ဖြစ်သလို ဆက်လက်ပြီး မြန်မာ့လက်ဖက်စားသုံးခြင်းဓလေ့နှင့် မြန်မာ့ကြိုးကြီးချိတ် တို့ကိုလည်း ယူနက် စကိုစာရင်းဝင်နိုင်ရေးအတွက် အစိုးရနှင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့၊ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများမှ ဆက်လက်ကြိုးစား ဆောင်ရွက် လျက်ရှိပါကြောင်း တိုင်းရင်းသားတို့၏ရိုးရာပွဲတော်များ၊ ထုံးတမ်းစဉ်လာများ၊ ကြာချည်ရက် လုပ်ခြင်း၊ မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များ စသည်တို့ကိုလည်း ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ ထို့ကဲ့သို့ ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရောက်ရန် Community Participationသည်  အရေးပါသလို ပြည်သူလူထုအတွင်း လက်ဆင့်ကမ်းလာတဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို လူမှုအသင်းအဖွဲ့များမှ ပူးပေါင်း လက်မှတ်ထိုး တင်သွင်းကြ ရတာဖြစ်ကြောင်း၊ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအနက် စံသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို UNESCO၏ လူသားမျိုးနွယ် ကိုယ်စားပြုစာရင်း (Representative List of Intangible Cultural Heritage of Humanity)သို့ တင်သွင်းနိုင်ရေး အတွက် အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ မိမိတို့ဝန်ကြီးဌာန တစ်ခုတည်းသာမက မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် အသင်းအဖွဲ့အသီးသီးမှ ပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ ရိုးရာလုပ်ငန်းရှင်များနဲ့ ပြည်သူလူထုအားလုံး ဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်နေကြကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ရဲ့ အနှစ်သာရကတော့ လူမျိုးတစ်မျိုးရဲ့ စိတ်ဓာတ်၊ ယဉ်ကျေးမှုနှင့် အသိဉာဏ်ကို ကိုယ်စားပြုတဲ့ အရာတွေဖြစ်ပြီး၊ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဓလေ့ထုံးစံများ၊ ဘာသာရေးဆိုင်ရာပွဲတော်များ၊ သဘင်ဂီတနဲ့ အနုပညာများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတတ်ပညာများစသဖြင့် ပါဝင်ကြောင်း၊ မြန်မာ နိုင်ငံမှာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ဘိုးဘွားစဉ်ဆက်မှစပြီး မျိုးဆက်သစ်လူငယ်များ အထိ လက်ဆင့်ကမ်းပေးခြင်းဖြင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာ အသိပညာများကို ရေရှည် တည်တံ့ခိုင်မြဲစေရန် ဆက်လက်ထိန်းသိမ်းလျက်ရှိကြောင်း၊  ယဉ်ကျေးမှုအမွေအနှစ်များဟာ တန်ဖိုး မဖြတ်နိုင်သလို လူ့အဖွဲ့အစည်းရဲ့ စိတ်ဓာတ်ကို ထိန်းသိမ်းပေးတဲ့ အခြေခံအုတ်မြစ်လည်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ  အမျိုးသားပြတိုက် (၂)ခု အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီးမှာရှိ ပြတိုက်များမှာလည်း ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းဖော်ပြနိုင်ရန်အတွက်  အဓိက အခန်းကဏ္ဍအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊  ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း မြှင့်တင် ရေးလုပ်ငန်းများကို ပြည်တွင်းမှာသာမက ပြည်ပအဖွဲ့အစည်း အသီးသီးနှင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊  “ယဉ်ကျေးမှုအမွေအနှစ်” ဟူသည်         “အတိတ်၏ အမွေ၊ ပစ္စုပ္ပန်၏ အထိန်းအကွပ်၊ အနာဂတ်အတွက် အင်အား” ဖြစ်ကြောင်း၊ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များသည် အတိတ်က မိမိတို့ရဲ့ ဘိုးဘွားအမွေ၊ ပစ္စုပ္ပန်မှာ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေတဲ့ အကျိုးကျေးဇူး၊ အနာဂတ်အတွက် အင်အားတစ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာများ ပြောကြားခဲ့ပါသည်။ အခမ်း အနားတွင် စကားဝိုင်းဆွေးနွေးပွဲအဖြစ် မြန်မာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ အဓိပ္ပါယ်၊ အရေးပါမှုလက်ဆင့်ကမ်းနည်းလမ်းများနှင့် အသိပညာဝေမျှမှုအစီအစဉ်၊ မြန်မာ့လက်ဖက် သမိုင်းနှင့် အရေးပါမှု၊ ထိန်းသိမ်းမှုနည်းလမ်းများနှင့် ယူနက်စကိုစာရင်းဝင်ရန် လုပ်ဆောင်ချက် များအား ဆွေးနွေးခြင်းအစီအစဉ်၊ မြန်မာ့ကြိုးကြီးချိတ်၏ ယဉ်ကျေးမှုအရေးပါမှုနှင့် လူ့ဘောင် အကျိုးသက်ရောက်မှုများအား ဆွေးနွေးခြင်းအစီအစဉ်ဟူ၍ အစီအစဉ်(၃)ရပ်ဖြင့် သက်ဆိုင်ရာ ပညာရှင်များက ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြပါသည်။ ပြပွဲကဏ္ဍတွင် ဘွဲ့လွန်ပြတိုက်ပညာ ဒီပလိုမာ(၁)နှစ်သင်တန်း၊ အမှတ်စဉ်(၂၂)မှ သင်တန်းသူ/သင်တန်းသားများက ဒြပ်မဲ့ယဉ်ကျေးမှု ဆိုင်ရာ လက်တွေ့ခင်းကျင်းမှုအဖြစ် မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် မြန်မာ့ ၁၂ လရာသီ ပွဲတော်များ၊ မြန်မာ့သနပ်ခါး ၊ လက်ဖက်စားသုံးခြင်းဓလေ့၊ မြန်မာ့ရိုးရာ ကြိုးကြီးချိတ် ဒီဇိုင်းပြကွက်များအား ခင်းကျင်းပြသခြင်း၊    ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ တရုတ်ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ပြသမှုအဖြစ် ရိုးရာပြဇာတ်အနုပညာ၊ လက်ဖက်ယဉ်ကျေးမှု၊ ပေကျင်း အော်ပရာမျက်နှာဖုံး၊ တရုတ်ဖူအယ်လက်ဖက်ခြောက်နှင့် တရုတ်နိုင်ငံယဉ်ကျေးမှုနှင့်ခရီးသွား လာရေးဆိုင်ရာ ယဉ်ကျေးမှုအနုပညာလက်မှုပစ္စည်းများ အားပြသခဲ့ပါသည်။ အဆိုပါ ခင်းကျင်း ပြသမှုများအား ရန်ကုန်တိုင်းဒသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ဦးဆောင်၍၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါ်နုမြဇံနှင့်တကွ အခမ်းအနားသို့ ကြွရောက်လာသော ဧည့်သည်တော်များက လိုက်လံကြည့်ရူခဲ့ကြပါသည်။

အပြည်ပြည်ဆိုင်ရာဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များနေ့ အထိမ်းအမှတ်အခမ်းအနား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ စကားဝိုင်းဆွေးနွေးပွဲနှင့်ပြပွဲ သို့  ပညာရှင်များ၊ ၊ တက္ကသိုလ်/ ကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းသား/ကျောင်းသူများ၊ မြန်မာ့ယဉ်ကျေးမှု အမွေ အနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ စုစုပေါင်း(၁၆၀)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Loading