နိုင်ငံသားတိုင်း ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် များ၏ တန်ဘိုးကိုသိရှိပြီး ထိန်းသိမ်း ကာကွယ်ကြပါစို့

၂၀၀၃ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ယူနက်စကို (UNESCO) ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အထွေထွေအစည်းအဝေးတွင် “ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ရေးအပေါ် သဘောတူညီချက်”သဘောတူစာချုပ်ကို အတည်ပြု ခဲ့ရာယခုနှစ်တွင် ၂၂ နှစ်ပြည့်ပြီဖြစ်ပေသည်။ ၂၀၀၃ သဘောတူစာချုပ်သည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ် များ၏ တန်ဖိုးကို အသိအမှတ်ပြုသည့် အရေးပါသောမှတ်တိုင်ဖြစ်ပြီး၊ ယူနက်စကိုက ၁၉၇၂ ခုနှစ်တွင် အတည်ပြုခဲ့သော “ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များကာကွယ်ရေးသဘောတူစာချုပ်” ကို ပြည့်စုံစေသည့် တိုးတက်မှုတစ်ရပ်လည်း ဖြစ်ပါသည်။ ယနေ့အထိ စုစုပေါင်း ၁၈၃ နိုင်ငံက ယင်းသဘောတူစာချုပ်အပေါ် လက်မှတ်ရေးထိုးပြီးဖြစ်ကြပြီး၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံလုံး ပါဝင်ပါသည်။ ထိုထဲတွင် မော်လ်တာနိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် နောက်ဆုံးအဖြစ် လက်မှတ်ရေးထိုးခဲ့သည့်နိုင်ငံ ဖြစ်ပါသည်။ ၂၀၀၃ ခုနှစ် သဘောတူစာချုပ်၏ အရေးပါမှုကို နှစ်ပိုင်းအနေနှင့် မြင်နိုင်ပါသည်။ ပထမအနေဖြင့် “ယဉ်ကျေးမှုအမွေအနှစ်” ဟု ခေါ်ဆို၍ အသိအမှတ်ပြုနိုင်သော အရာများ၏ နယ်ပယ်အကျယ်ကို ကမ္ဘာလုံးဆိုင်ရာအဆင့်တွင် ထူးခြားစွာတိုးချဲ့ပေးခဲ့ခြင်းဖြစ်ပြီး ဒုတိယအနေဖြင့် ယဉ်ကျေးမှု အမွေအနှစ် နှင့်ထိန်းသိမ်းစောင့်ရှောက်မှုအပေါ်တွင်တွေ့မြင်ရသောအနည်းငယ်ကွာခြားသည့် ဆောင်ရွက်မှုတစ်ခု ဖြစ်လာစေခဲ့ပါသည်။ ဤသဘောတူစာချုပ် နှစ်ပတ်လည် ၂၀ နှစ်ပြည့်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ၌ ကျင်းပပြုလုပ်ခဲ့သည့် ယူနက်စကို ၄၂ ကြိမ်မြောက် အထွေထွေညီလာခံ  ဆုံးဖြတ်ချက်အမှတ် ၃၄  ဖြင့် အောက်တိုဘာလ ၁၇ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များနေ့” ဟု အတည်ပြုသတ်မှတ်ခဲ့ပါသည်။

            ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ်   အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနေ့ ကျင်းပရန် ရှင်သန်နေသည့် ယဉ်ကျေးမှုအမွေအနှစ်များ၏ ကြွယ်ဝ ချမ်းသာမှု နှင့်မတူကွဲပြားမှုကို ပြသနိုင်သည့် ပွဲများ၊ လှုပ်ရှားမှုများပြုလုပ် စီစဉ်ဂုဏ်ပြုရန် လှုံ့ဆော်ခဲ့ကြ၍   ကမ္ဘာတစ်ဝှမ်းတွင် ကျင်းပခဲ့ရာ ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ၂၀၀၃ ကွန်ဗင်းရှင်း(UNESCO  2003 Convention )တွင် ပါဝင်သည့်နိုင်ငံများ၊ ယဉ်ကျေးမှု အဖွဲ့အစည်း များနှင့် အခြားပါဝင်သူများမှ တက်ကြွစွာ ပါဝင်ဆင်နွဲခဲ့ကြပါသည်။

နည်းပညာအသုံးချမှုများဆွေးနွေး

            ၂၀၂၄ခုနှစ် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘာတစ်ဝှန်းတွင် အောင်မြင်စွာ ကျင်းပခဲ့ရာတွင် နိုင်ငံအသီးသီးတွင် ဒေသခံတို့၏ ပွဲတော်များ၊ နိုင်ငံပိုင်မီဒီယာကြော်ငြာများ၊ ပွဲတော်များကို ပုံစံအမျိုးမျိုးဖြင့် စီစဉ်ကာ ဘိုးဘွားစဉ်ဆက်မှ ယနေ့ထိ ရှင်သန်နေသည့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ပြသခဲ့ကြပြီး၊ နိုင်ငံတော်အဆင့်စာရင်းဝင် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ဆိုရှယ်မီဒီယာနှင့် ဝက်ဘ်ဆိုက်များမှ တဆင့် ရိုးရာပွဲတော်များနှင့် လှုပ်ရှားမှုများကို ထုတ်ဖော်ပြသခဲ့ပါသည်။ ထို့အပြင် AI နည်းပညာနှင့် ပတ်သက်သည့် Webinar တစ်ခုကိုလည်း စီစဉ်ကာ ယဉ်ကျေးမှုအမွေအနှစ်နှင့် ဆက်စပ်နေသည့် နည်းပညာအသုံးချမှုများကို ဆွေးနွေးခဲ့ကြပါသည်။ ထိုပွဲများတွင် အနုပညာပြပွဲများ၊ ရိုးရာလက်မှု အတတ်ပညာလုပ်ငန်းစဉ်များ၊ ရုပ်ရှင်များ၊ စကားဝိုင်းဆွေးနွေးပွဲများကိုပါ ပြုလုပ်ခဲ့ကြပြီး ဧည်ပရိတ်သတ်များကို လာရောက်ကြည့်ရှု၊ သင်ယူပြီး စုပေါင်းပျော်ရွှင်နိုင်စေရန်အတွက် စီစဉ်ပေးခဲ့ပါသည်။

            ၂၀၂၄ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့ ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များနေ့သည် ကမ္ဘာတစ်လွှားရှိ ယဉ်ကျေးမှု ဓလေ့များနှင့် အလေ့အကျင့်မှုများ ကြွယ်ဝမှု (global wealth of cultural traditions and practices )ကို ဂုဏ်ပြုပြသနိုင်သည့် အပြင် ဆက်လက် ထိန်းသိမ်းရန် လိုအပ်ကြောင်းကိုလည်း ထင်ဟပ်ပြသရန် အခွင့်အရေးဖြစ်ခဲ့ပါသည်။ 

အနာဂတ်အတွက် ထိန်းသိမ်းကာကွယ်ရန် လိုအပ်

  ယင်းနေ့တွင် နိုင်ငံအသီးသီး၏ ရိုးရာအကများ(dances )၊ ရိုးရာဓလေ့ထုံးတမ်းများ(traditions )၊ ပါးစပ်ရာဇဝင်များ (oral histories )နှင့် လက်မှုအတတ်ပညာများ(craftsmanship )ကဲ့သို့ ရှင်သန်နေသော ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ခြင်း (safeguarding living heritage )၏ အရေးပါမှုကို ပြည်သူများပိုမိုသိရှိနိုင်ရန် အသိပညာပေး၍ ဂုဏ်ပြုဆင်နွှဲ ကြပါသည်။ ဤကဲ့သို့ တက်ကြွစွာ ပါဝင်ခြင်းသည် ကမ္ဘာတစ်ဝှမ်းရှိ လူ့အဖွဲ့အစည်းများနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းများ၏ ပါဝင်မှုကို ပြသထားပြီး၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်၏ လူ့အသိုင်းအဝိုင်းအတွက် အရေးပါမှုကို ကမ္ဘာအနှံ့ အသိအမှတ်ပြုစေပြီး အနာဂတ်အတွက် ထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်းကိုလည်း အာရုံစိုက်ဖော်ပြခဲ့ပေသည်။

            မြန်မာနိုင်ငံတွင် ယခုနှစ် ၂ဝ၂၅ ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်နေ့တွင် ဒုတိယအကြိမ် အပြည်ပြည် ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များနေ့ကို အမျိုးသားပြတိုက်(ရန်ကုန်)တွင် ပထမဆုံး ကျင်းပပါသည်။  ယင်းနေ့တွင်“မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ” စကားဝိုင်း ဆွေးနွေးပွဲ (Panel Discussion)နှင့် ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာ(၁)နှစ် သင်တန်း အမှတ်စဉ် (၂၂)သင်တန်းသား၊ သူများ၏ သနပ်ခါးပြကွက်၊ကြိုးကြီးချိတ်ပြကွက်၊ ဆယ့်နှစ်လရာသီပွဲတော်ပြကွက်၊ မြန်မာ့လက်ဖက် နတ်သစ်ရွက်ပြကွက်စသဖြင့် အထူးပြပွဲ လက်တွေ့ခင်းကျင်းပြသခြင်းကိုလည်း ထည့်သွင်းပြသ၍ ကျင်းပ ခဲ့ပါသည်။ 

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနေ့(International Intangible Cultural Heritage Day )၏ Themeမှာ “Living Heritage is about people ၊resilience၊ and knowledge passed on from generation to generation“ဖြစ်ပါသည်။
“ရှင်သန်နေသော ယဉ်ကျေးမှုအမွေအနှစ်ဟူသည် လူသားတို့၏ ဗဟုသုတများအပေါ် အခြေခံသည့် ဖန်တီးမှုများကို ခံနိုင်ရည်ရှိစွာ မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ ဆက်လက်ထိန်းသိမ်း လက်ဆင့်ကမ်း သယ်ဆောင်လာသော ယဉ်ကျေးမှုအမွေအနှစ်ကို ဆိုလိုပါသည်။”တနည်းအားဖြင့်ဆိုသော်-ရှင်သန်နေသော ယဉ်ကျေးမှုအမွေအနှစ်ဟူသည် ဘိုးဘွားဘီဘင်လက်ထက်မှ စ၍ မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ မပျောက်ပျက်သွားစေရန် ခံနိုင်ရည်ရှိစွာ ဆက်လက်ထိန်းသိမ်း လက်ဆင့်ကမ်း သယ်ဆောင်လာသော လူသားတို့၏ တန်ဖိုးရှိသည့် အသက်မွေးမှုအတွေ့အကြုံများ၊ ဖန်တီးနိုင်စွမ်းများ၊ လက်မှုအတတ်ပညာများ၊ ဗဟုသုတများနှင့် ရိုးရာဓလေ့ထုံးတမ်းများကို ဆိုလိုပါသည်။

            ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနေ့(International Intangible Cultural Heritage Day )၏ Themeမှာ “Living Heritage is about people ၊resilience၊ and knowledge passed on from generation to generation“ဖြစ်ပါသည်။
            “ရှင်သန်နေသော ယဉ်ကျေးမှုအမွေအနှစ်ဟူသည် လူသားတို့၏ ဗဟုသုတများအပေါ် အခြေခံသည့် ဖန်တီးမှုများကို ခံနိုင်ရည်ရှိစွာ မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ ဆက်လက်ထိန်းသိမ်း လက်ဆင့်ကမ်း သယ်ဆောင်လာသော ယဉ်ကျေးမှုအမွေအနှစ်ကို ဆိုလိုပါသည်။”

            တနည်းအားဖြင့် ရှင်သန်နေသော ယဉ်ကျေးမှုအမွေအနှစ်ဟူသည် ဘိုးဘွားဘီဘင်လက်ထက်မှ စ၍ မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ မပျောက်ပျက်သွားစေရန် ခံနိုင်ရည်ရှိစွာ ဆက်လက်ထိန်းသိမ်း လက်ဆင့်ကမ်း သယ်ဆောင်လာသော လူသားတို့၏ တန်ဖိုးရှိသည့် အသက်မွေးမှုအတွေ့အကြုံများ၊ ဖန်တီးနိုင်စွမ်းများ၊ လက်မှုအတတ်ပညာများ၊ ဗဟုသုတများနှင့် ရိုးရာဓလေ့ထုံးတမ်းများကို ဆိုလိုပါသည်။

“အပြည်ပြည်ဆိုင်ရာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနေ့”ကျင်းပရသည့်  ရည်ရွယ်ချက်များမှာ-

            (က)   ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်များ အကြောင်းကို ပြည်သူလူထု ပိုမိုသိမြင် နားလည်ပြီး မြတ်နိုးတန်ဖိုး ထားတတ်စေရန်အတွက်  ပြည်သူလူထုကို အသိပညာမြှင့်တင်ရန်၊

            (ခ)     မိမိတို့၏ဘိုးဘွားအမွေအနှစ် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ရန် အရေးကြီးသည်ကို မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းရန်

            (ဂ)     ထို့ပြင် ထိန်းသိမ်း စောင့်ရှောက်ရုံမျှမကပဲ မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ် တွေကို နိုင်ငံတကာမှ ပိုမိုသိရှိစေရန် ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရောက်နိုင်ရန်တို့ ဖြစ်ပါ သည်။

ယဉ်ကျေးမှုအမွေအနှစ်များ ပါဝင်

            ယဥ်ကျေးမှု အမွေအနှစ်ဟူသည် ကိုင်တွယ် ထိတွေ့နိုင်သည့်   ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ် (Tangible Cultural Heritage) နှင့် ကိုင်တွယ်ထိတွေ့မှု မပြုနိုင်သည့်ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ် (Intangible Cultural Heritage)ဟူ၍ နှစ်မျိုး ရှိပါသည်။ ဒြပ်ရှိ ယဉ်ကျေးမှုအမွေအနှစ်(Tangible Cultural Heritage)မှာ ရှေးဟောင်းအဆောက် အအုံများ၊ ရှေးဟောင်းနေရာများ၊  ရှေးဟောင်းဝတ္ထု ပစ္စည်းများ စသဖြင့် ပါဝင်ပြီး ကိုင်တွယ်ထိတွေ့မှု မပြုနိုင်သည့် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage)များမှာ လူသားတို့ ပြောဆိုသည့် ဘာသာစကား၊ အတွေး အခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ယုံကြည်ကိုးကွယ်မှု၊ ရိုးရာဓလေ့ ထုံးစံများ၊ အတွေးအခေါ်၊ လက်မှုအနုပညာနှင့် အနုသုခုမပညာစသည် ရှင်သန်နေသော ယဉ်ကျေးမှုအမွေအနှစ်များ ပါဝင်ပါသည်။

            ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ အဓိပ္ပာယ်ကို ၂၀၀၃ ခုနှစ် “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကွန်ဗင်းရှင်း” အပိုဒ်(၂)တွင် အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည်-

            “ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုသည်မှာ လူမှုအသိုက်အဝန်းများ၊ အုပ်စုများနှင့် အချို့ကိစ္စရပ်များတွင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် သက်ဆိုင်သောယဉ်ကျေးမှုအမွေအနှစ်များတွင် တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်နေသည့် ဓလေ့ထုံးစံများ၊ ကိုယ်စားပြုချက်များ၊ ဖော်ပြချက်များ၊ ဗဟုသုတ၊ စွမ်းရည်များသာမက ၎င်းတို့နှင့် ဆက်နွှယ်သည့်ပစ္စည်းကိရိယာများ၊ အရာဝတ္ထုများ၊ ရှေးဟောင်းပစ္စည်းများနှင့် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ် နှင့် သက်ဆိုင်သောနေရာများကို ဆိုလိုခြင်းဖြစ်သည်။”

            ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် သတ်မှတ်ရန်အတွက် မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းခဲ့ကြခြင်း (Transmission)၊ ပတ်ဝန်းကျင်တွင် စဉ်ဆက်မပြတ်သစ်လွင်ဆန်းသစ်၍ ရှင်သန်နေခြင်း (Living Heritage)၊ သမိုင်းကြောင်း၊ သဘာဝတို့နှင့်ဆက်စပ်နေခြင်း (Interaction with nature and history)၊ စဉ်ဆက်မပြတ် တစ်သမတ်တည်းရှိနေခြင်း (Identity and continuity)၊ လူတို့၏ ကွဲပြားခြားနားသော ယဉ်ကျေးမှုနှင့် ဖန်တီးတီထွင်မှုတို့ကို အလေးဂရုပြု၍မြှင့်တင်ပေးခြင်း (Promote respect) စသည့်အချက်များဖြင့် ပြည့်စုံရန်လိုအပ်ပါသည်။

            ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန်အတွက် စံသတ်မှတ်ချက် (Domain) ၅ ရပ် ရှိပါသည်။ ၎င်းတို့မှာ-

            (က)     ဘာသာစကားများ၊ပါးစပ်ရာဇဝင်နှင့်နှုတ်ပြောအစဉ်အလာဖော်ပြချက်များ၊

            (ခ)       ဖျော်ဖြေတင်ဆက်မှုအနုပညာများ၊

            (ဂ)       လူမှုရေးအစဉ်အလာ အလေ့ အထများနှင့် ပွဲတော်များ၊ ရိုးရာဓလေ့များ၊

            (ဃ)     သဘာဝစကြာဝဠာဆိုင်ရာဗဟုသုတနှင့်ရိုးရာအစဉ်အလာ    အလေ့အထများ၊

            (င)       ရိုးရာလက်မှုပညာရပ်များ ပါဝင်ပါသည်။

            မြန်မာနိုင်ငံတွင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်း မြှင့်တင်နိုင် ရန်နှင့်  ကုလသမဂ္ဂသို့ အမည်စာရင်းများ တင်သွင်းနိုင်ရန်တို့အတွက် “မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် တိုးတက်မြှင့်တင်ရေးကော်မတီ”ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး နောက် မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီဟု အမည်ပြောင်းလဲသတ်မှတ်ခဲ့သည်။ မြန်မာနိုင်ငံတွင် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ စာရင်း ကောက်ယူထားသော Intangible Cultural Heritage Lists ၂၂၈၉ ခုကို အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှု မှတ်ပုံတင်စာရင်းပထမအကြိမ်အဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါသည်။

            ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို မြန်မာနိုင်ငံ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးဆောင်၍ ဆောင်ရွက်လျက်ရှိပါ သည်။

            မြန်မာနိုင်ငံ၏ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းကောက်ယူမှုပုံစံကို အသုံးပြု၍ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတို့၌ စာရင်းကောက်ယူမှုမှာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း နယ်ပယ် ၅ ခုအလိုက် စုစုပေါင်း ၂၂၈၉ ခု ကောက်ယူပြီး ဖြစ်ပါသည်။

စဉ်နယ်ပယ်အရေအတွက်
၁။ဘာသာစကား၊ နှုတ်ပြောအစဉ်အလာများနှင့် ဖော်ပြချက်များ စာရင်း၁၀၄
၂။ဖျော်ဖြေတင်ဆက်မှု အနုပညာများစာရင်း၅၀၆
၃။လူမှုထုံးတမ်း အစဉ်အလာများ၊ ပွဲလမ်းသဘင်များစာရင်း၆၅၁
၄။သဘာဝနှင့်လူသားအားလုံးအတွက်သက်ဆိုင်သည့် အသိပညာနှင့်ထုံးစံများစာရင်း၁၉၉
၅။ရိုးရာလက်မှုပညာစာရင်း၈၂၉
 စုစုပေါင်း၂၂၈၉

            မြန်မာပြည်သူလူထု အားလုံးပူးပေါင်းပါဝင်မှု၏ ရလဒ်အဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်မှ ၇ ရက်အထိ ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့၌ ကျင်းပသည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ညီလာခံတွင် မြန်မာနိုင်ငံမှ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် (19.COM 7.b.50 Myanmar Traditional New Year Ata Thingyan Festival) ကို ပထမဆုံး လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ရရှိခဲ့ရာ မြန်မာတစ်မျိုးသားလုံး လွန်စွာဝမ်းမြောက်ပျော်ရွှင်ကြရပါသည်။ ပြည်သူလူထုအတွင်း လက်ဆင့်ကမ်းလာသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ယူနက်စကို စာရင်းဝင်နိုင်ရေးအတွက် လူမှုအသင်းအဖွဲ့များမှ ပူးပေါင်း လက်မှတ်ထိုး တင်သွင်းရသဖြင့် Community Participationသည်  အဓိကအရေးပါလှပေသည်။

            ထို့အပြင် “မြန်မာ့သနပ်ခါး” ကိုလည်း မြန်မာနိုင်ငံမှ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ် ယူနက်စကိုတွင် တင်သွင်းထားပြီးဖြစ်သလို ဆက်လက်ပြီး မြန်မာ့လက်ဖက် နှင့် မြန်မာ့ကြိုးကြီးချိတ် တို့ကိုလည်း ယူနက်စကိုစာရင်းဝင်နိုင်ရေးအတွက် အစိုးရနှင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများမှ ဆက်လက်ကြိုးစား ဆောင်ရွက် လျက်ရှိပါသည်။ မြန်မာနိုင်ငံ တွင် နိုင်ငံ့ဂုဏ်ဆောင် အမျိုးသားပြတိုက် (၂)ခု အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီးမှာရှိသည့် ပြတိုက်များတွင်လည်း ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းပြသသည့်  အဓိကအခန်းကဏ္ဍမှ ဆောင်ရွက်နေကြပါသည်။

            နိုင်ငံသားတိုင်း ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ၏ တန်ဖိုးကိုသိရှိပြီး ထိန်းသိမ်းကာကွယ် သွားရန်လိုအပ်သလို ပညာရပ်ဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များမှလည်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ တိမ်မြှုပ်ပျောက်ကွယ်သွားခြင်းမရှိစေရန်နှင့်  ရေရှည်တည်တံ့ ခိုင်မြဲနေစေရန်အတွက် အနာဂတ်မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်း ပညာပေးရန်သမိုင်းပေးတာဝန်တစ်ခုဖြစ်ပါသည်။ ယနေ့နည်းပညာခေတ်တွင် တီထွင်ဆန်းသစ်မှုတွေနှင့်အတူ မြန်မာ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း‌စောင့်ရှောက်ရန်၊ လူမှုအသိုက်အဝန်း၏အင်အား ပိုမို ပါဝင်လာရန်၊ မျိုးဆက်သစ်များသို့ စဉ်ဆက်မပြတ် လက်ဆင့်ကမ်းနိုင်ရန် ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရောက်ပြီး မြန်မာ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို  ကမ္ဘာက သိလာရန် မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေးတာဝန်အဖြစ် တိုက်တွန်းရေးသားရင်း အပြည်ပြည်ဆိုင်ရာဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် များနေ့ကို ဂုဏ်ပြုလိုက်ရပါသည်။

                                                                                                                                    သီသီသောင်း

ကိုးကား

၁။သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊

၂။၂၀၀၃ ခုနှစ် ၊ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကွန်ဗင်းရှင်း

၃။  https://ich.unesco.org/en/home

၄။ https://www.unesco.org › days › intangible-heritage

Loading