လယ်ဝေးမြို့၊ ဖောင်တော်ချက်မဘုရားကြီးမှ တွေ့ရှိရသော ပျူခေတ် ဗုဒ္ဓရုပ်ပွားဆင်းတုတော်(ကြေး) တစ်ဆူ လှူဒါန်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ဖောင်တော်ချက်မဘုရားကြီးမှ တွေ့ရှိရသော ပျူခေတ်ရုပ်ပွားဆင်းတုတော်(ကြေး)တစ်ဆူ လာရောက်လှူဒါန်းခြင်းအတွက် ဂုဏ်ပြုအခမ်းအနား ကို ၁၉-၂-၂၀၂၆ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမျိုးသားပြတိုက်(နေပြည်တော်)တွင် ကျင်းပခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ ညွှန်ကြားရေးမှူးများ နှင့် ဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ မြို့နယ် သာသနာရေး မှူးနှင့် ဖောင်တော်ချက်မဘုရားကြီး၏ ဂေါပကဖွဲ့ဝင်များ စုစုပေါင်း(၄၅) ဦးတက်ရောက်ခဲ့ပါသည်။

၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်ကောင် စီနယ်မြေ၊ လယ်ဝေးမြို့ရှိ ဖောင်တော်ချက်မဘုရားကြီး ပြိုကျရှင်းလင်းရာမှ ဌာပနာပစ္စည်းများ ပေါ်ထွက်လာသဖြင့် စာရင်းကောက်ယူခဲ့ရာ ဌာပနာပစ္စည်း(၁၀၈၆)ခုကို တွေ့ရှိမှတ်တမ်းတင်ခဲ့ ပါသည်။ အဆိုပါ ဌာပနာပစ္စည်းများမှာ ရွှေ၊ ငွေ၊ ကျောက်၊ ကြေး၊ မြေ၊ ခဲ စသည်တို့ဖြင့် ပြုလုပ်ထားပြီး ပျူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်မျက်မှောက် ခေတ်ရုပ်ပွားဆင်းတုတော်များနှင် သတ္တဌာန ဌာပနာပစ္စည်းများဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ စိစစ်လေ့လာမှုများအရ သိရှိရပါသည်။ ဌာပနာပစ္စည်းများအနက်မှ ဉာဏ်တော်အမြင့် ၄.၅ လက်မ၊ ဒူးခွင် အကျယ် ၃ လက်မ အရွယ်အစားရှိသော ပျူခေတ် ကြေးဆင်းတုတော်(စမ္မခံပါ ထိုင်တော်မူ သပိတ်ပိုက် ရုပ်ပွားဆင်းတုတော်)တစ်ဆူအား ထူးခြားမှု အနေဖြင့် တွေ့ရှိခဲ့ရပါသည်။

ပျူခေတ် ရုပ်ပွားတော်ဆင်းတုတော်သည် ရှားပါးခြင်းကြောင့် သမိုင်းမှတ်တမ်းထားရှိရန်၊ သုတေသနပညာရှင်များ လေ့လာနိုင်ရန်၊ အမျိုးသားအဆင့် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်နှင့် အများပြည်သူများ ဖူးမျှော်လေ့လာနိုင်ရန်အတွက် စေတီတော်ကြီးတွင် ပြည်လည်ဌာပနာခြင်းမပြုဘဲ ဘုရားဂေါပကအဖွဲ့က ဩဝါဒစရိယ ဆရာတော်များ၏ ဩဝါဒခံယူ၍ အမျိုးသားပြတိုက် (နေပြည်တော်)သို့ လှူဒါန်းခြင်း ဖြစ်ပါသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နေပြည်တော်၊ လယ်ဝေးမြို့နယ်နှင့်ပျဉ်းမနားမြို့နယ်များသည် ဘုရားရှင် လက်ထက်ကတည်းက တည်ရှိကြောင်းကို ဦးကုလားရာဇဝင်ကျမ်းနှင့် အခြားသောရာဇဝင်ကျမ်းများတွင် ဖော်ပြပါရှိကြောင်း၊ နေပြည်တော် တစ်ဝိုက်တွင် ပျူခေတ်အထောက်အထားဖြစ်သော ပျူအုတ်ချပ်၊ ပျူဒင်္ဂါး၊ အိုးခြမ်းကွဲများစသည်တို့ကို တွေ့ရှိရပါကြောင်း၊ ဖောင်တော်ချက်မဘုရားကြီး ပြိုကျရှင်းလင်းရာမှ တွေ့ရှိရသည့် သမိုင်းတန်ဖိုး ကြီးမားသည့် ပျူခေတ်ရုပ်ပွားဆင်းတုတော်ကို နောင်မျိုးဆက်သစ်လူငယ်များနှင့် သမိုင်းသုတေသန ပညာရှင်များ လေ့လာနိုင်ရန်အတွက် အမျိုးသားပြတိုက်(နေပြည်တော်)သို့ လာရောက်လှူဒါန်း ပေးသော ဂေါပကအဖွဲ့ဝင်များနှင့် လှူဒါန်းအောင် တိုက်တွန်းပေးကြပါသော ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ အား ဦးစီးဌာနကိုယ်စား၊ ဝန်ကြီးဌာနကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုလှူဒါန်းသည့် ပျူခေတ်ဗုဒ္ဓ ရုပ်ပွားတော်ကို အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန်အတွက် အမျိုးသားပြတိုက် (နေပြည်တော်)၏ သမိုင်းတင်ခေတ်ဦးပြခန်းတွင် ခင်းကျင်းပြသသွားရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပျူခေတ်ရုပ်ပွားဆင်းတုတော်ကို အမျိုးသားပြတိုက် (နေပြည်တော်)တွင် ထိန်းသိမ်းထားရှိခြင်း က ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ မူဝါဒများအနက် အချက်(၁)ဖြစ်သည့် “သမိုင်းဝင် ရှေးဟောင်းဒေသများ၊ အဆောက်အအုံများ၊ ရှေးဟောင်းပစ္စည်းများရှာဖွေဖော်ထုတ် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန်” ဆိုသည့်အချက်များကို လိုက်နာဆောင်ရွက်ခြင်း လည်းဖြစ်ပါကြောင်း နောင်လည်းသမိုင်းတန်ဖိုးကြီးမားသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို တွေ့ရှိပါက အကြောင်းကြား ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဖောင်တော်ချက်မဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ပျူခေတ် ရုပ်ပွားဆင်းတုတော်(ကြေး)တစ်ဆူကို ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်ထံသို့ ပေးအပ် လှူဒါန်းခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင်ကြောင်း ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေး အပ်ခဲ့ပြီး အခမ်းအနားကို နံနက်(၁၀:၄၅)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Loading