ဗိဿနိုးပျူမြို့ဟောင်း

ဗိဿနိုးပျူမြို့ဟောင်းသည် မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၏ အနောက်မြောက်ဘက် ၁၀မိုင် အကွာတွင် တည်ရှိပြီး မြို့မှာ လေးထောင့်ပုံစံရှိသည်။ ဗိဿနိုးမြို့ဟောင်းကို ၁၉၀၅ ခုနှစ် ၌ Mr. တော်စိန်ခိုက ပထမဦးစွာ စူးစမ်းလေ့လာခဲ့ပါသည်။ ၁၉၅၈ – ၁၉၆၂ ခုနှစ် အတွင်း ရှေးဟောင်းကုန်း ပေါင်း(၂၅)ကုန်းကို တူးဖော်သုတေသနပြုခဲ့ပြီး ကုက္ကိုခွရွာကိုအစွဲပြုကာ KKG ဟု အမည်ပေးခဲ့ ပါသည်။ ၁၉၉၅ ခုနှစ်မှ ယနေ့အထိ ကုန်းပေါင်း (၄၁)ကုန်းကို တူးဖော်သုတေသနပြုခဲ့ပြီး ဗိဿနိုးမြို့ဟောင်းကို အစွဲပြု၍ BTO ဟု အမည်ပေးခဲ့ပါသည်။ ၂၀ဝ၄ ခုနှစ်တွင် ရှေးဟောင်းသုတေ သနဦးစီးဌာနမှ ဗိဿနိုးမြို့ဟောင်းကုန်းအမှတ်(၁၃)၏ တူးဖော်မှုဆောင်ရွက်ခဲ့ရာ အဆိုပါ ရှေးဟောင်း နေရာတွင် ထိုင်တော်မူဗုဒ္ဓဆင်းတုတော်နှင့် ကြေးခေါင်းလောင်းကို တူးဖော်တွေ့ရှိခဲ့သည်။ တူးဖော် ခဲ့သည့် အဆောက်အအုံများမှာ – မြို့ရိုး/ အရံအတား(၁၄)ခု၊ မြို့ဝင်ပေါက်(၆)ခု၊ လူနေ အဆောက် အအုံ(၁၀)ခု၊ ဘာသာရေး(သို့) ထုံးတမ်းဆိုင်ရာ အဆောက်အအုံ(၃၀)ခုနှင့် အထွေထွေ(၆)ခု စုစုပေါင်း (၆၆)ကုန်း ဖြစ်ပါသည်။

ဗိဿနိုးမြို့ဟောင်းအတွင်းတူးဖော်သုတေသနပြုခဲ့သော အဆောက်အအုံများ ဓလေ့ထုံးတမ်းဆိုင်ရာအဆောက်အအုံနှင့် အခြားအထိမ်းအမှတ်အဆောက်အအုံ

ကေကေဂျီ-၄
ကေကေဂျီ-၁၁
မြို့ဝင်ပေါက်များ
မြို့ဝင်ပေါက်များ

ဘာသာရေးဆိုင်ရာအဆောက်အအုံ(ကျောင်း)

ဘီတီအို-၈
ဘီတီအို-၁၀

ရွှေရောင်တော်စေတီတော်

ရွှေရောင်တော်စေတီတော်သည် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် အနောက်ဘက် ဗိဿနိုးမြို့ဟောင်းအနီးတွင် တည်ရှိပါသည်။ ခရစ်နှစ် ၈၂၉၊ အေဒီ ၉ ရာစု၊ ပျူခေတ်နှောင်း စေတီတစ်ဆူဖြစ်သည်။ ဉာဏ်တော်အမြင့်(၁၂၀)ပေရှိသည်။

ပန်ထွာဘုရင်မ နန်းစံသက်(၂၀)ပြည့်ဖြစ်သော သာသနာ(၁၀၁)ခုနှစ်ရောက်လျှင် ဗိဿနိုး နတ်မင်း၏ တောင်းပန်လျှောက်ထားချက်အရ သိကြားမင်းသည် ရှင်မဟာကဿပနှင့် အဇာတသတ် မင်းတို့ တည်ထားခဲ့သော ကျောက်စေတီအတွင်းမှ (တလက်ဆွမ်း)သော (ဓာတ်တော်)များကို ပေးအပ်လျက် ဘုရားအလောင်း ကြက်ဖြူမင်းဖြစ်စဉ်က ဤနေရာတွင် မြို့ဦးစေတီတည်ရန် ညွှန်ကြားခဲ့ပါသည်။ ဗိဿနိုးနတ်မင်းသည် ဓာတ်တော်များကို ပင့်ဆောင် လာကာ ခမည်းတော်ရသေ့ကြီး၊ ပန်ထွာဘုရင်မတို့နှင့်တိုင်ပင်၍ သာသနာ(၁၀၁)နှစ်အတွင်း ဉာဏ်တော်သံတောင်(၅၀)ခန့်ရှိသော စေတီတော်ကို တည်ထားခဲ့ပါသည်။ စေတီတော်တည်ပြီး၍ ထီးတော်တင်လှူပွဲ၊ စေတီတော် ပူဇော်ပွဲကို ထိုနှစ်တပို့တွဲလပြည့်နေ့တွင် ဆင်ယင်ကျင်းပရာ စေတီတော်မှ ရောင်ခြည်တော်ခြောက်သွယ်တို့သည် ကွန့်မြူးတော်မူသည်ကို ဖူးမြင်ရသော ဗိဿနိုးနတ်မင်း၊ ရသေ့ကြီးနှင့် ပန်ထွာဘုရင်မတို့သည် အံ့ဘနန်း ရွှင်လန်းတက်ကြွ ပီတိ သောမနဿတရားတွေ ဖြစ်ပွားကြလျက် အကြိမ်ကြိမ် ဦးချ ပူဇော်ကြကာ ရွှေရောင်တော်ဘုရား၊ ရွှေရောင်တော်ဘုရားဟု နှုတ်ပါးစပ်က မြွက်ဟထုတ်ဖော် ကျူးရင့်ကြသည်ကိုစွဲ၍ ရွှေရောင်တော် ဘုရားဟု သမုတ်ခေါ်ဝေါ်ကြသည်။