ဓညဝတီမြို့ဟောင်း

ဓညဝတီမြို့ဟောင်းသည် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိ လေးရွာအနီးတွင် တည်ရှိရာ ဓညဝတီမြို့ဟောင်းကို လွပ်လပ်ရေးမရမီနှင့် လွပ်လပ်ရေးရပြီးနောက် ဂျာမနီနိုင်ငံမှ ရှေးဟောင်းသုတေသနပညာရှင် အီးဖိုရှားမားမှစ၍ ပြည်တွင်းပြည်ပ၊ ဒေသတွင်း ပညာရှင်များမှ ကွင်းဆင်းလေ့လာ သုတေသနပြုလုပ်ခဲ့ကြသည်။ မြို့ဟောင်းအတွင်း အပြင်ရှိ မြေပေါ် မြေအောက်ကျန်ရှိနေသော ယဉ်ကျေးမှုဆိုင်ရာအဆောက်အဦးများ တည်ရှိမှုနှင့်ဆိုင်သည့် ရှေးဟောင်း သုတေသနဆိုင်ရာ ကွင်းဆင်းလေ့လာမှုကို ၂၀၀၃-ခုနှစ်တွင် မြောက်ဦးဌာနခွဲမှ ရှေးဟောင်း သုတေသနပညာရှင်များနှင့် သြစတြေးလျမှ ရှေးဟောင်းသုတေသနပညာရှင် Dr.Bobhasan တို့ ပူးပေါင်းပြီး ကွင်းဆင်းသုတေသနပြုလုပ်ခဲ့ကြသည်။ ဓညဝတီမြို့ဟောင်းကို ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေး နှစ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက တူးဖော်မှုကုန်းအမှတ်-DNWD အမည်ဖြင့် သတ်မှတ်၍ DNWD-1,2,3,4 တူးဖော်မှုကုန်း(၄) ကုန်းနှင့် စမ်းသပ်ကျင်း(၈)ခု၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် DNWD-5,6,7,8,9,10,11,12 (၈)ကုန်း၊ စုစုပေါင်း (၁၂)ကုန်း တူးဖော် သုတေသနပြုပြီးဖြစ်ပါသည်။