ကမ္ဘောဇသာဒီနန်းတော်

ကမ္ဘောဇသာဒီနန်းတော်ကို ဒုတိယမြန်မာနိုင်ငံအား တည်ထောင်သူ ဘုရင့်နောင်မင်းတရားကြီး (ဆင်ဖြူများရှင်)က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ အေဒီ ၁၅၅၃-ခုနှစ်တွင် ဘုရင့်နောင်မင်း တရားကြီးသည် ဝါရီရူမင်းများ၏နန်းတော်ဟောင်းသည် နိုင်ငံခြားသားသံတမန်ကြီးများ အဖူးမျှော် ခံယူရာတွင် မင်းတရားကြီး၏ ဘုန်းသမ္ဘာနှင့် လိုက်လျောညီထွေမှုမရှိဟု ယူဆသဖြင့် နေပြည်တော် သစ်ကို တည်ထောင်ခဲ့ပါသည်။ အေဒီ ၁၅၆၆ ခုနှစ်တွင် ကမ္ဘောဇသာဒီနန်းတော်နှင့် ဟံသာဝတီ မြို့တော်သစ်ကို တည်ထောင်ပြီးစီးခဲ့ပါသည်။ ဝင်ပေါက်(၂၀)နှင့်အတူ မြို့ရိုးအကြွင်းအကျန်လည်း ယခုတိုင် တည်ရှိနေသည်။ လက်ဝဲနော်ရထာအမတ်ကြီး ပြုလုပ်ခဲ့သည့် ပုံဆွဲမှတ်တမ်းအရ အခန်းနှင့် ခန်းမစုစုပေါင်း (၇၆)ဆောင်ရှိသည်။ ဘုရင့်နောင်မင်းတရားကြီး သက်တော် ၆၆ နှစ်၊ အေဒီ ၁၅၈၁ ခုနှစ်တွင် နတ်ရွာစံပြီးနောက် သားတော်နန္ဒဘုရင်သည် အရိုက်အရာကို ဆက်ခံခဲ့ပါသည်။ သားတော် နန္ဒဘုရင်သည် စစ်မက်ရေးရာ ကျွမ်းကျင်လိမ္မာသော်လည်း စည်းရုံးရေးအားနည်းမှုကြောင့် ပုန်ကန် ထကြွမှုများပေါ်ပေါက်ခဲ့ပြီး အေဒီ ၁၅၉၉ ခုနှစ်တွင် တောင်ငူစားသီဟသူသည် ဟံသာဝတီကို လုပ်ကြံခဲ့ပါသည်။ တောင်ငူစစ်သည်များနှင့်အတူ ရခိုင်ဘုရင်၏ စစ်ကူများပါဝင်ခဲ့ပြီး ရခိုင်ရှိ ပေါ်တူဂီ ကြေးစားစစ်သားများ လက်ချက်ဖြင့် ဟံသာဝတီမြို့တော် မီးရှို့ဖျက်ဆီးခံခဲ့ရပါသည်။ အေဒီ ၁၅၉၉ ခုနှစ် ဟံသာဝတီပျက်သုဉ်းခဲ့ပြီးနောက် ပဲခူးမြို့၌ လူနေမှုများစွာမရှိခဲ့သော်လည်း ၁၉၅၀ ခုနှစ်နောက်ပိုင်းတွင် လူနေအိမ်ခြေများဖြင့် ဖုံးလွှမ်း၍ နှစ်ပေါင်း ၄၀၀ နီးပါး မြေအောက်၌ နစ်မြုပ်ပျောက်ကွယ် ခဲ့ရပါသည်။

ကမ္ဘောဇသာဒီနန်းတော်နေရာသည် ပဲခူးမြို့ ရွှေမော်ဓောစေတီ၏တောင်ဘက် သနပ္ပင်လမ်း၏ လက်ယာဘက် (၂)ဖာလုံခန့်အကွာတွင်တည်ရှိပြီး အကျယ်အဝန်းမှာ(၆၇.၂၉၅)ဧက ကျယ်ဝန်းပါ သည်။ မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြက် ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားလက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ၁၉၉၀ ပြည့်နှစ်၊ ဧပြီလတွင် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာနမှတာဝန်ယူ၍ တူးဖော်ဆောင်ရွက်ခဲ့ပြီး ထွက်ပေါ်လာသည့် ပန္နက်များကိုအခြေပြု၍ အထိမ်းအမှတ်နန်းတော်ဆောင်များ ပြန်လည်တည်ဆောက်ခဲ့ပါသည်။ တူးဖော်မှု ကုန်းအမှတ်(၆)ဖြစ်သည့် ဘမရာသနပလ္လင်ဆောင်ကို ၁၉၉၅-ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၁၉၉၈-ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ ထိုနည်းတူစွာ သီဟာသနပလ္လင်ဆောင် ပြန်လည်တည်ဆောက်မှုအား ၁၉၉၇-ခုနှစ်တွင်စတင်ခဲ့ပြီး ၂၀၀၂ -ခုနှစ်တွင် လုပ်ငန်းများပြီးစီးခဲ့ပါသည်။ တူးဖော်မှုမှထွက်ပေါ် လာသော နန်းတော်တိုင်များအား မြေနန်း ပြသာဒ်ဆောင်မြောက်ဘက်တွင် ကျွန်းလုံးတိုင်ပြတိုက် ဆောက်လုပ်ပြသထားပါသည်။ တိုင်လုံးကြီး များ အနက် တိုင်လုံးအောက်ခြေမျက်နှာပြင်တွင် ပေးပို့ ဆက်သခဲ့သည့် ဘုရင်ခံ၊ မြို့စားများ၏အမည်၊ ဒေသတို့ကို ရေးထွင်းထားသော တိုင်လုံးများနှင့် နန်းတော်ပုံပါ အောက်ခံကျွန်းပြား(၁)ချပ်ကို ထူးခြားချက်တစ်ရပ်အဖြစ် ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပါသည်။