ဝေသာလီမြို့ဟောင်း

ဝေသာလီမြို့ဟောင်းသည် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့မှ မြောက်ဘက် (၆)မိုင်ခန့်အကွာတွင် တည်ရှိသည်။ မြို့ရိုးအကြွင်းအကျန် ကုန်းရိုးတန်းများနှင့် တိမ်ကောနေပြီ ဖြစ်သော ကျုံးဟောင်းများကို ယနေ့တိုင် ထင်ရှားစွာတွေ့မြင်နိုင်သည်။ ဝေသာလီမြို့ဟောင်း၏ မြို့ရိုး ပုံသဏ္ဌာန်သည် လေးထောင့်မကျတကျ ပုံသဏ္ဌာန်ဖြစ်သည်။ မြို့အကျယ်အဝန်းသည် တောင်မြောက် (၁)မိုင် (၇)ဖာလုံ၊ အရှေ့အနောက် (၁)မိုင် (၂)ဖာလုံခန့် ရှည်လျားသည်။ မြို့ကွက်ဧရိယာ အကျယ် အဝန်းမှာ စတုရန်း (၂.၇) မိုင်ခန့်ရှိသည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၁၉၈၀-၁၉၈၁ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အထိ တူးဖော်မှု ကုန်းပေါင်း(၁၃) ကုန်း တူးဖော်သုတေသနပြုပြီးဖြစ်ပါသည်။