ကန်သစ်ကုန်းရှေးဟောင်းနေရာဒေသ

ကန်သစ်ကုန်းကျေးရွာသည် မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ဘွဲ့ခြားကျေးရွာ အုပ်စု၊ သာစည်-သပြေဝကားလမ်းပေါ်ရှိ ချောက်ခွဲကျေးရွာမှ စမုံဆည်သို့သွားသော မြေသားကားလမ်း ဘေးတွင် တည်ရှိသည်။ ကန်သစ်ကုန်းဒေသပတ်ဝန်းကျင်တွင် ၁၉၈၉-ခုနှစ် စမုံဆည်လမ်းဖောက် လုပ်စဉ် ကလူအရိုးအပိုင်းအစများ၊ မြေထည်ပစ္စည်းများကိုလည်း ဒေသခံများ တွေ့ရှိခဲ့ကြသည်။ ကန်သစ်ကုန်းတူးဖော်မှုကို ၂၀၀၈-ခုနှစ်တွင် ရွာ၏အနောက်ဘက်(၄)ဖာလုံခန့်အကွာ ဦးစန်းဝင်း၏ ယာကွက်အတွင်း ပြုလုပ်ခဲ့သည်။ ထိုတူးဖော်မှုမှ အရိုးစုရုပ်ကြွင်းများ၊ ကြေးထည်ပစ္စည်းများ၊ သံထည်ပစ္စည်းများ၊ ပုတီးစေ့များ၊ မြေထည်ပစ္စည်းများနှင့် တိရစ္ဆာန်အရိုးများ၊ မြှုပ်နှံထားသည်ကို တွေ့ရသည်။ အရိုးစုရုပ်ကြွင်းပေါင်း(၃၈)ခု မြှုပ်နှံထားသည်ကို တွေ့ရှိရသည်။