ပရိုင်းမိတ်

ကမ္ဘာ့ရှေးအကျဆုံး လူတူမျိုးနွယ်များနေထိုင်ခဲ့သည့် ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းကို အိန္ဒိယနိုင်ငံ၊ ဘူမိဗေဒလေ့လာရေးအဖွဲ့က ၁၉၁၄ ခုနှစ်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖန်းကန်ရွာ အနီး၌ စတင်တွေ့ရှိခဲ့သည်။ ဆက်လက်၍ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများကို ၁၉၇၈ ခုနှစ်တွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မိုးကောင်းရွာအနီးတွင်လည်းကောင်း၊ ၁၉၉၇ ခုနှစ်မှ ယခုအထိ မြိုင်မြို့နယ်နှင့် ပုလဲမြို့နယ်များရှိ ပုံတောင်ကျောက်လွှာစုများတွင်လည်းကောင်း ဆက်တိုက်တွေ့ရှိ ခဲ့ပါသည်။ အာရှတိုက်တွင် လူတူပရိုင်းမိတ်ရုပ်ကြွင်းများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ တို့တွင်တွေ့ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်ပေါင်း (၃၃.၇ သန်းမှ ၅၄.၈ သန်းကြား) ကာလဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှတွေ့ရှိသော ပရိုင်းမိတ်ရုပ်ကြွင်းများသည် ထိုင်းနိုင်ငံမှ ပရိုင်းမိတ်များထက် နှစ်(၃)သန်းခန့် စောကြောင်းသုံးသပ်ကြပြီး၊ တရုတ်နိုင်ငံမှ ပရိုင်းမိတ်ရုပ်ကြွင်းများနှင့် မြန်မာနိုင်ငံမှ ပရိုင်းမိတ် ရုပ်ကြွင်းများသည် သက်တမ်းမတိမ်းမယိမ်း ဖြစ်သော်လည်း ပုံတောင်ပရိုင်းမိတ်များက အရွယ်အစား ပိုမိုကြီးမားပြီး ပို၍အဆင့်မြင့်ကြောင်း ပြည်တွင်းပြည်ပ ပညာရှင်များက သတ်မှတ်ခဲ့ကြပါသည်။ ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းများကို ၁၉၉၆-၁၉၉၇ ဘဏ္ဍာရေးနှစ်မှစ၍ နှစ်စဉ်ကွင်းဆင်း သုတေသနပြု စုဆောင်းလျက်ရှိရာ မိမိတို့ ဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ပညာရှင်များ၊ ဂျပန်၊ ပြင်သစ်၊ အမေရိကန်၊ ထိုင်းနိုင်ငံတို့မှ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်၍ ကွင်းဆင်း သုတေသနလုပ်ငန်းများဆောင်ရွက်ခဲ့ ယနေ့အထိ (၇၄)ကြိမ် ကွင်းဆင်းသုတေသနပြုပြီး ဖြစ်ပါသည်။