ဂူမြောင်ဂူ

      ဂူမြောင်ဂူသည် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် တည်ရှိသည်။ ရှမ်းရိုးမ၏ အခြေတွင်တည်ရှိပြီး ပန်းလောင်မြစ်ဝှမ်းလွင်ပြင်ကို အပေါ်စီးမှ မြင်နိုင်ပါသည်။ ၎င်းဂူမှာ Phreatic action (ဂူမှာ ထုံးကျောက်အတွင်းရေစီးဆင်းပြီး ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ ဂူဖြစ်ပေါ်ရာ မူလ ထုံးကျောက်မှာ မြေအောက်ရေပြင်(ground water level) အောက်တွင်တည်ရှိပြီး ရေကြောင့် ထုံးများပျော်ဝင်ခြင်းဖြင့် ဂူဖြစ်ပေါ်ခြင်း)ဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

      ဂူမြောင်ဂူမှာ ပြဒါးလင်းဂူကဲ့သို့ပင် ထုံးကျောက်ဂူတစ်ခုဖြစ်သည်။ သို့ရာတွင် ဂူမြောင်ဂူ၌ တွဲဆက်မှု အားနည်းသော ပို့ချမြေသားများ ထူထဲစွာရှိပြီး ထိုမြေသားကဲ့သို့ အနီရောင်မြေသား များသည်လည်း ဂူနံရံတွင် တွဲဆက်လျက်ရှိသည်ကို တွေ့ရသည်။ ထိုမြေသားများက ဂူအတွင်း အနည်ပို့ချခြင်းနှင့် တိုက်စားခြင်းဖြစ်စဉ်များ အဆက်မပြတ်ဖြစ်ခဲ့ကြောင်း ဖော်ပြနေပေသည်။ မူလက ဂူအတွင်း ယခုအခြေအနေထက်ပိုမို၍ မြေသားများ ရှိခဲ့မည်ဖြစ်သည်။

      တူးဖော်သုတေသနပြုဆောင်ရွက်ခြင်းမှ တွေ့ရှိရသော အထောက်အထားမှာ အခြယ်အလှယ် မပါသော မြေအိုးကွဲအပိုင်းအစများ၊ လက်ခတ်ရာပါ အိုးကွဲအပိုင်းအစ အနည်းငယ်၊ (red-ochre) ဂွေးနီ၊ ဖဲ့ဆစ်ထားသော ကျောက်လက်နက်များ၊ တိရစ္ဆာန်အရိုးများ၊ သစ်စေ့များ၊ ယောက်သွားခွံများ နှင့် ခရုခွံများ တို့ဖြစ်သည်။