(၂၈) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများ အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည့် သတင်း ၁၃.၁၀.၂၀၂၂ ကမ္ဘောဒီးယားနိုင်ငံ

၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံမှ ကြီးမှူး၍ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၊ Sokha Phnom Penh Hotel ၌ (၁၃.၁၀.၂၀၂၂) ရက်နေ့၊ ကမ္ဘောဒီးယားစံတော်ချိန် နံနက် (၀၉:၀ဝ) နာရီတွင် (၂၈) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ (ASCC)ဝန်ကြီးများ အစည်းအဝေးအား ကျင်းပ ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် H.E. Samdech HUN SEN တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

           အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက် အဝန်းကောင်စီဝန်ကြီးများနှင့် အာဆီယံအထွေထွေအတွင်းရေမှူးချုပ်တို့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးဖြစ်သူ၊ သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်၍ အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးဖြစ်သူ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဒုတိယပါမောက္ခချုပ် ဒေါ်ဌေးဌေးဆွေ တို့တက်ရောက်ခဲ့ကြပါ သည်။

          (၂၈) ကြိမ်မြောက် အာဆီယံ လူမှုရေး – ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနဝန်ကြီး H.E Dr. Hang Chuon Naron က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးတွင် သဘာပတိက အဖွင့်အမှာစကားပြောကြားရာ၌ ကမ္ဘောဒီးယားနိုင်ငံ၊ အာဆီယံ အလှည့်ကျ ဥက္ကဌတာဝန်ယူစဉ်အတွင်း ချမှတ်ထားသော Theme ဖြစ်သည့် ASEAN A.C.T: Addressing Challenges Together ဟူသည့် ဆောင်ပုဒ်နှင့်အညီ အာဆီယံတန်ဖိုးများဆီသို့ အတူတကွ လက်တွဲလျှောက်လှမ်းရန် ယုံကြည်မှုရှိပါကြောင်း၊ ပဏာမခြေလှမ်းများဖြစ်သည့် ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေများ၊ သဘာဝဘေးအန္တရာယ်များ၊ ကိုဗစ်-၁၉ ကပ်ရောဂါ အလွန် သာတူညီမျှမှုရှိသော ကောင်းမွန်သည့်ပညာရေးစနစ်ရရှိရေး၊ စွမ်းအင်နှင့် စားနပ်ရိက္ခာ ဖူလုံရေး၊ သတင်းအချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေးပြဿနာများအပါအဝင် အနာဂတ် စိန်ခေါ်မှုများကို အတူတကွတုံ့ပြန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ASCC ၏ ဦးစားပေး ကဏ္ဍများ၊ ပဏာမခြေလှမ်းများနှင့် ၂၀၂၂ ခုနှစ် အတွင်း ဆောင်ရွက်နိုင်မှုတို့သည် အာဆီယံ အသိုက်အဝန်း ဘုံရည်မှန်းချက်ဆီသို့ အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် (၄၀) ကြိမ်မြောက် နှင့် (၄၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများတွင် အတည်ပြုလက်ခံမည့်ရလဒ် မှတ်တမ်းမှတ်ရာများသည် အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ၏ ရည်မှန်းချက်များနှင့် အောင်မြင်မှု များကို ထင်ဟပ်နေပါကြောင်း ပြောကြားခဲ့ပါသည်။

(၂၈) ကြိမ်မြောက်  အာဆီယံ လူမှုရေး – ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများ အစည်းအဝေး၌ ၂၀၂၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်လျက်ရှိသည့် ဦးစားပေးနယ်ပယ်များဖြစ်သည့် အာဆီယံ၏ စံတန်ဖိုးများ၊ အသိအမြင်နှင့် စရိုက်လက္ခဏာများကို မြှင့်တင်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု နှင့် အမျိုးသမီးများပါဝင်ဆောင်ရွက်နိုင်သည့် အခွင့်အရေးများတိုးမြှင့်ပေးရေး၊ အာဆီယံ ပြည်သူ များ၏ကျန်းမာရေး၊ ကြွယ်ဝပြည့်စုံရေးနှင့် လူမှုရေးကာကွယ်စောင့်ရှောက်မှုတို့ကို တိုးမြှင့် စေရေး၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်၏ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင် ရည်နှင့်ထိရောက်မှုတို့ကို အားကောင်းစေရေးတို့အတွက်လည်းကောင်း၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ (၄၀) ကြိမ် မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများသို့ တင်ပြမည့် အစီရင်ခံစာ များအားအတည်ပြုခြင်း၊ (၂၈) ကြိမ်မြောက်  အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီ၏ ပူးတွဲကြေညာချက် (မူကြမ်း)ကို အတည်ပြုခြင်း၊ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံ ဥက္ကဋ္ဌတာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်လျက်ရှိသည့် ဦးစားပေးလုပ်ငန်းများ တိုးတက်မှု အခြေအနေနှင့် (၄၀) ကြိမ်မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများသို့ တင်သွင်း၍ အတည်ပြုမည့်  မှတ်တမ်းမှတ်ရာ (၁၁) ခုနှင့် မှတ်တမ်းတင်မည့် မှတ်တမ်းမှတ်ရာ (၂၀) ခု  တို့အား ဆွေးနွေးခြင်း၊ (၂၈) ကြိမ်မြောက်  အာဆီယံ လူမှုရေး – ယဉ်ကျေးမှု အသိုက် အဝန်းကောင်စီအစည်းအဝေး၏ မှတ်တမ်းအကျဉ်းချုပ်အား အတည်ပြုခြင်းတို့ကို ဆောင်ရွက် ခဲ့ကြပါသည်။           အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း ကောင်စီဝန်ကြီးဖြစ်သူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို က ASCC လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာတွင် ၂၀၂၂ ခုနှစ်၌ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ရသည့် ကမ္ဘောဒီးယားနိုင်ငံ၏ ကြိုးပမ်းမှုများနှင့် အောင်မြင်မှုများအတွက် ဂုဏ်ယူပါကြောင်း၊  ASCC အတွက် တိကျသည့် မဟာဗျူဟာကို ဖော်ဆောင်ရန် ASEAN Comprehensive Recovery Framework and the Hanoi Declaration of ASEAN Community post 2025 Vision အတွက် ကဏ္ဍစုံ၊ မဏ္ဍိုင်စုံ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်မိပါကြောင်း၊ အာဆီယံ စည်းမျဉ်းစည်းကမ်း၊ နည်းလမ်းများနှင့်အညီ မိမိတို့အချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ထောက်ပံ့ဆောင်ရွက်မှုများကြောင့် မိမိတို့သည် ၂၀၂၅ ခုနှစ် အာဆီယံအသိုက်အဝန်းသို့ သွားရောက်နေသည့် လမ်းကြောင်းတစ်ဝက်တွင် ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ထို့အပြင် ASCC အသိုက်အဝန်း ထုဆစ်ပုံဖော်ရာတွင် အထောက်အကူပြုစေ နိုင်သည့် လှုပ်ရှားဆောင်ရွက်မှုများအားလုံးနှင့် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံဥက္ကဋ္ဌ တာဝန် ထမ်းဆောင်စဉ် ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ရန် ချမှတ်ထားသော ဦးစားပေးနယ်ပယ်များနှင့် အစီအစဉ်များအား ထောက်ခံပါကြောင်း၊ အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်း၏ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်နှင့် ထိရောက်မှုတို့ကို အားကောင်းစေမှုအားကြိုဆိုပါ ကြောင်း၊ ထို့အပြင် (၄၀) ကြိမ်မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး များတွင်တင်သွင်းမည့် ကြေညာစာတမ်းများကိုလည်း မြန်မာနိုင်ငံမှ ထောက်ခံပါကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.