နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ မွန်တိုင်းရင်းသားရိုးရာအကပြိုင်ပွဲနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေးတေးသီချင်းပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Plenary Hall ၌ ကျင်းပသည့် မွန်တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲသို့ တက်ရောက်ပြီး ပြိုင်ပွဲဝင်အဖွဲ့များ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။

မွန်ရိုးရာကကြိုး၊ ကကွက်များ ကျွမ်းကျင်ပိုင်နိုင်စွာကပြ

အဆိုပါ ပြိုင်ပွဲတွင် အလွတ်တန်းအဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အက အဖွဲ့များက ဟင်္သာတို့ရဲ့ပျော်ရာမြေ သီချင်းနောက်ခံဖြင့် လှပတင့်တယ် ကျက်သရေရှိလှသည့် မွန်တိုင်းရင်းသားရိုးရာ ကကြိုး၊ ကကွက်များကို ညီညာလှပ ကျွမ်းကျင်ပိုင်နိုင်စွာ ကပြယှဉ်ပြိုင်ကြသည်။

အလားတူ မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းသည် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Signing Room ၌ ကျင်းပသည့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းပြိုင်ပွဲသို့ တက်ရောက်ပြီး ပြိုင်ပွဲဝင်များ၏ သီဆိုယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။

အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေးတေးသီချင်းများ

အဆိုပါ ပြိုင်ပွဲတွင် ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီး ပြိုင်ပွဲဝင်များက ထင်ရှားကျော်ကြားလှသည့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းများဖြစ်သော တပင်ရွှေထီး၊ လှေပွဲနှင့် ကောင်းစားတော့မည် စသည့်တေးသီချင်းများအား ငြိမ့်ညောင်း သာယာနားဝင်ပီယံ ရှိစေမည့်အပြင် နားဆင်သူများအဖို့ စိတ်အားထက်သန်စေမည့် အသံနေ အသံထားများဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ယှဉ်ပြိုင်ခဲ့ကြသည်။

အနုပညာရသပေါ်လွင်စွာယှဉ်ပြိုင်

ယနေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ရှိ Plenary Hall ၌ မြန်မာအက အခြေခံကဗျာလွတ် (ပထမအဆင့်) အကပြိုင်ပွဲများနှင့် News Briefing Room ၌ ဂီတာအတီး ပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များက အနုပညာရသပေါ်လွင်စွာဖြင့် ယှဉ်ပြိုင်လျက်ရှိကြသည့်အပြင် အနုသုခုမကို စိတ်ဝင်စားကြသည့် ဝါသနာရှင်များကလည်း တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.