သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများလိုက်ပါလျက် ၁၆-၈-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တပ်ကုန်းနှင့် ကျောက်ဆည်ဒေသတို့ရှိ ရှေးဟောင်းအဆောက်အအုံ၊ စေတီ၊ ပုထိုးများ ပြန်လည် ပြုပြင်ထိန်းသိမ်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့ရှိ ဦးအောင်ဇေယျဘုရားသို့ ရောက်ရှိပြီး ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကာ အဆိုပါဘုရားသည် ကုန်းဘောင်ခေတ်လက်ရာဘုရားဖြစ်ပြီး အလောင်းမင်းတရားကြီး ယိုးဒယားသို့ စစ်ချီတက်ရာ စစ်စခန်းချစဉ် တည်ထားခဲ့သည့် ဘုရားဖြစ်သည့်အတွက် ရှေးမူလက်ရာမပျက် စနစ်တကျ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ရန်၊ နောင်ဖြစ်ပေါ်လာနိုင်သည့် ငလျင်ဒဏ်ခံနိုင်အောင် ကြိုတင်အားဖြည့်စနစ်များပါ ထည့်သွင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်တော်၊ စေတီ တော်များနှင့် အလှူငွေများကို တာဝန်ခံဆောင်ရွက်နေသူတစ်ဦးအား ပေးအပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်မြို့၊ ရွှေသာလျောင်းတောင်ရှိ ကျောက်သေတ္တာစေတီ ခိုင်ခန့်စွာ ဆက်လက်တည်မြဲစေရေးအတွက် ပြန်လည်ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ငလျင်ဒဏ်ကြောင့် ကျောက်သေတ္တာ စေတီတည်ရှိသည့် ကျောက်တောင်နှင့်ပတ်ဝန်းကျင် ထိခိုက်ခဲ့သဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်းမှာကြားခဲ့ပါသည်။ ဆက်လက်၍ အနော်ရထာ မင်းကြီး တည်ထားခဲ့သည့် ဆည်တော်နံ ရွှေမုဋ္ဌောစေတီကြီး ပရဝဏ်အတွင်းရှိ စေတီ၊ ပုထိုးများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြုပြင် ထိန်းသိမ်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့် ၇ ရက် သားသမီးများ လှူဒါန်းသော ကြေးဗုဒ္ဓဆင်းတုတော်၊ ဓမ္မစေတီတော်၊ ဓာတ်တော်၊ စေတီတော် အလယ်ဌာပနာသွင်းမင်္ဂလာကို ရွှေမုဋ္ဌောစေတီတော် ဂေါပကအဖွဲ့၊ ဩဝါဒ စရိယဆရာတော်ကြီးများ ဦးဆောင်၍ ဆောင်ရွက်တော်မူကြပြီး ဌာပနာတော် သွင်းလှူခဲ့ပါသည်။
ဆည်တော်နံရွှေမုဋ္ဌောဘုရားသည် ကျောက်ဆည်မြို့၏ အဓိကအချက်အခြာကျသည့် မြို့ဦး၊ မြို့ထိပ်၊ မြို့မဈေးကြီး၏ အရှေ့ဘက်ကပ်လျက်တည်ရှိပြီး စေတီတော်မြတ်ကြီးကို သက္ကရာဇ် ၃၉၅ ခုနှစ်တွင် အနော်ရထာမင်းကြီးက တည်ထားပူဇော်ခဲ့ပါသည်။ ကျောက်ဆည် မြို့သူ၊ မြို့သား များသည် ဝါတွင်းကာလ လပြည့်၊ လကွယ်နေ့တိုင်း ဆည်တော်နံရွှေမုဋ္ဌောဘုရားတွင် ဆွမ်းတော်ကြီး လောင်းလှူကြ၍ တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း ရွှေမုဋ္ဌောတန်ဆောင်တိုင် ကထိန်ပွဲ ကျင်းပ ပြုလုပ်လျက် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေပြားသင်္ကန်းကပ်လှူ ပူဇော်ကြကြောင်း သိရှိရပါသည်။ သမိုင်းကြောင်းထင်ရှားသည့် စေတီတစ်ဆူဖြစ်သည့်အတွက် မူလလက်ရာအတိုင်း ပြန်လည်ပြုပြင် ထိန်းသိမ်းရန်၊ နောင်ငလျင်ဒဏ်ခံနိုင်ရန်အတွက် ကြိုတင်အားဖြည့်စနစ်များ အတွင်းတွင် ထည့်သွင်းတည်ဆောက်သွားရန်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းထုတ်ပြန်ထားသော SoP အတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။
![]()