သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့်စစ်ကိုင်းတိုင်းဒေသကြီးစစ်ကိုင်းမြို့နှင့်မန္တလေးတိုင်းဒေသကြီး၊မက္ခရာနှင့်ပလိပ်ဒေသတို့ရှိရှေးဟောင်းအဆောက်အအုံများ၊စေတီ၊ပုထိုးများပြန်လည်ပြုပြင်နေမှုအခြေအနေကြည့်ရှုစစ်ဆေးခြင်း ဩဂုတ်လ၁၇

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည်   စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ လိုက်ပါလျက် ၁၇-၈-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် သီတဂူဆရာတော်ဘုရားကြီးအား ဖူးမြော်ကြည်ညို၍  ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ရှေးဟောင်းအဆောက်အအုံများ၊ စေတီ၊ ပုထိုးများ ပြန်လည် ပြုပြင်ထိန်းသိမ်းနေမှု အခြေအနေများအား  လျှောက်ထားခဲ့ပါသည်။ ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ခုနစ်ရက်သားသမီးများက လှူဒါန်းသော ကြေးဗုဒ္ဓ ဆင်းတုတော်၊ ဓမ္မစေတီ၊ ဓာတ်တော်၊ စေတီတော်များနှင့် အလှူငွေများကို သီတဂူဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး သီတဂူဆရာတော်ကြီးထံမှ ဩဝါဒခံယူခဲ့ပါသည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆွမ်းဦးပုညရှင်စေတီတော် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။ စေတီတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲ နေစေရန်နှင့် ‌ရှေးမူမပျက် မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီတဂူဆရာတော်ဘုရားကြီးနှင့် ဩဝါဒစရိယဆရာတော်ဘုရားကြီးများ၏ ဩဝါဒကိုခံယူ၍ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နှင့် ကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်း၍ စနစ်တကျ ဆောင်ရွက်သွားရန်၊ စစ်ကိုင်းပြတ်ရွေ့အနီးတွင် တည်ရှိ၍ နောင်ဖြစ်ပေါ်လာနိုင်သည့် ငလျင်များဒဏ်ပါ ခံနိုင်အောင် ပညာရှင်များ၏ အကြံပြုချက်အတိုင်း ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ထို့နောက် ဥမင်သုံးဆယ် ဘုရားရှိ ငလျင်ဒဏ်ကြောင့် ဦးခေါင်းတော် ထိခိုက်ပျက်စီးခဲ့သော ဆင်းတုတော်များအား မူလပုံအတိုင်း ပြန်လည်ပြုပြင်နေမှုကို  ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံးပြန်လည်ပြုပြင်ထိန်းသိမ်းသွားရန်၊ ငလျင်ကြောင့် မပျက်မီ မူလပုံအတိုင်း တူညီအောင်ပြန်လည်ပြုပြင်သွားရန် ဥမင်သုံးဆယ်လိုဏ်အတွင်းရှိ ဆင်းတု (၄၅)ဆူကိုလည်း ကြည်ညိုဖွယ်ပြုပြင်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် “စစ်ကိုင်းအစ၊ စေတီလှက” ဆိုသည့်အတိုင်း စစ်ကိုင်းမြို့ကို တည်ခဲ့သည့် အသင်္ခယာစောယွန်းတည်ထားခဲ့သည့် စေတီလှဘုရားသည် ငလျင်ကြောပေါ်တည့်တည့်တွင် ရှိနေ၍ ငလျင်ကြောင့်တစ်ဆူလုံးကြေမွပျက်စီးသွားသည့် အခြေအနေများကို ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သွားရောက်ကြည့်ရှုခဲ့ပါသည်။ သီတဂူဆရာတော်ကြီး ဦးစီး၍ အလှူရှင်ကောင်းမှုဖြင့် စေတီလှဘုရား ပြန်လည်တည်ဆောက်နေမှုကို စေတီတော်တည်ဆောက်ရေး အဖွဲ့က ရှင်းလင်းတင်ပြခဲ့ရာ ဆရာတော်ကြီး၏ ဩဝါဒနှင့်အညီ အမြန်ဆုံးပြီးစီးအောင် ပြုပြင်ထိန်းသိမ်းသွားရန်၊  ဩဝါဒနှင့်အညီ ကြံ့ခိုင်မှုကို ဦးစားပေး ဆောင်ရွက်ရန်များ ဆွေးနွေးမှာကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စေတီလှဘုရားအနီးရှိ ငလျင်ကြောပေါ် တည်ရှိ နေ၍ တစ်ဆူလုံး တိမ်းစောင်းကြေမွထိခိုက်ပျက်စီးနေသည့် ရွှေမုဋ္ဌောဘုရားအား သွားရောက်ကြည့်ရှု စစ်ဆေးပြီးနောက် ပြုပြင်တည်ဆောက်ရာတွင် ကျွမ်းကျင်အင်ဂျင်နီယာများကြီးကြပ်၍ ရေရှည်ကြံ့ခိုင် တည်မြဲအောင် ပုံစံရေးဆွဲ ပြုပြင်တည်ဆောက်သွားရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျူကံစေတီအစုသို့ သွားရောက်၍ ကုန်းဘောင်ခေတ် အင်္ဂတေပန်းလက်ရာများ ကျန်ရှိနေသည့် ရှေးဟောင်းစေတီဘုရား (၇) ဆူအား ဂရုတစိုက်ပြုပြင်ထိန်းသိမ်းသွားရန်၊ ရှေးဟောင်းလက်ရာ အင်္ဂတေပန်းများ ကြံ့ခိုင်ရေးပါ ဓာတုဗေဒ ဆေးဖြင့် ထိန်းသိမ်းရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ စစ်ကိုင်းမြို့၊ အသင်္ခယာရိပ်သာတွင် ပြည်ထောင်စုဝန်ကြီးက စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ငလျင်ကြောင့်ထိခိုက်ပျက်စီးသွားသော စေတီတော်များပြုပြင်ထိန်းသိမ်းရာတွင် ထည့်သွင်းဌာပနာရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ခုနစ်ရက်သားသမီးများက လှူဒါန်းသော ကြေးဗုဒ္ဓဆင်းတုတော်၊ ဓာတ်တော်များ၊ ဓမ္မစေတီများကို ပေးအပ် လှူဒါန်းခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်း အဆောက်အအုံ၊ စေတီ၊ ပုထိုး စုစုပေါင်း ၁၁၈ ခုအနက် ပြန်လည်ပြုပြင်ထိန်းသိမ်းရန် ဦးစားပေးအဆင့် အလိုက် အဆင့်များခွဲခြားပြီး ဆောင်ရွက်လျက်ရှိရာ ပထမဦးစားပေးအဆင့်ပြုပြင်ရန် ဘုရား(၉၅)ဆူ အနက် (၂)ဆူ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ (၁၀)ဆူ ဖြစ်ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စဉ့်ကိုင်မြို့နယ်၊ မက္ခရာဒေသရှိ ဆေးဘုရား နှင့်ဘုရားငါးဆူတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ခုနစ်ရက် သားသမီးများ လှူဒါန်းသော ကြေးဗုဒ္ဓဆင်းတုတော်၊ ဓမ္မစေတီတော်၊ ဓာတ်တော်၊ စေတီတော် အလယ် ဌာပနာသွင်းမင်္ဂလာကို ရွှေရောင်တော်ဆရာတော်ဘုရားကြီးနှင့် ကျောက်ဆည်မဟာဂန္ဓာရုံ ဆရာတော် ဦးဆောင်၍ ဆောင်ရွက်တော်မူကြပြီး ဌာပနာတော်သွင်းလှူခဲ့ပါသည်။ ထို့နောက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ငလျင်ကြောင့် ဆင်းတုတော်များ၏ ဦးခေါင်းတော်များ ပြုတ်ကျပျက်စီးနေမှုအား မူလခေတ်ကာလ လက်ရာနှင့်တူအောင် ပြန်လည် ပြုပြင်သွားရန်၊ ဂန္ဓကုဋီတိုက်များ ကြံ့ခိုင်မှုနှင့် ရေရှည်ခိုင်ခံ့မှုရှိအောင် ဆောင်ရွက်ရန်မှာကြားပြီး ဓာတုစေတီလည်း ဖြစ်စေရန် ဓာတ်တော်မွေတော်များကို ဩဝါဒစရိယဆရာတော်များထံ ကပ်လှူပြီး ပြုပြင်လျက်ရှိသည့် ဘုရား(၂)ဆူတွင် ထည့်သွင်းဌာပနာခဲ့ပါသည်။ မက္ခရာမြို့ဟောင်းသည် ပင်းယခေတ် ရှမ်းညီနောင် သုံးဦးမှ သားတော်အလတ် ရာဇသင်္ကြန်က အေဒီ (၁၃၀၀)ကျော်ကာလ အေဒီ(၁၄)ရာစုအစောပိုင်းတွင် တည်ထောင်အုပ်ချုပ်ခဲ့ပြီး စေတီ၊ ပုထိုး၊ ဂူဘုရား(၇၆)ဆူ ကြွင်းကျန်တည်ရှိနေပါသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် မက္ခရာဒေသတွင် (၅၁)ဆူ ထိခိုက်ပျက်စီးခဲ့ရာ အလှူရှင်များ၊ လှူဒါန်းပြုပြင်မှုနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ပြုပြင်မှုတို့ဖြင့်(၂)ဆူ ပြုပြင်ပြီးဖြစ်ကာ (၉)ဆူ ပြုပြင်ဆဲဖြစ်ပါသည်။

          ဆက်လက်၍ ပလိပ်မြို့၊ မြွေဘုရားပရဝဏ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်း အဆောက်အအုံ စေတီဘုရားများအား ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ၇ ရက် သားသမီးများ လှူဒါန်းသော ကြေးဗုဒ္ဓဆင်းတုတော်၊ ဓမ္မစေတီတော်၊ ဓာတ်တော်၊ စေတီတော်များ၊ ဝါဆိုသင်္ကန်းနှင့် လှူဒါန်းငွေများကို ဆရာတော်များထံသို့ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ပလိပ်ဒေသတွင် မန္တလေးငလျင်ကြီးကြောင့် ရှေးဟောင်းဘုရား (၂၉၄) ဆူအနက် (၂၄၉) ဆူ ထိခိုက်ပျက်စီးခဲ့ရာ ပြန်လည်ပြုပြင်လှူဒါန်းလိုသော အလှူရှင်များ၏ လှူဒါန်းမှုနှင့် ဂေါပကအဖွဲ့  ရန်ပုံငွေဖြင့် ပြုပြင်မှုတို့ဖြင့် မူလဓာတ်ပုံများ၊ အထောက်အထားများအတိုင်း ပြန်လည် ပြုပြင်လျက်ရှိရာ (၄)ဆူ ပြုပြင်ပြီးစီးပြီး (၂)ဆူ ပြုပြင်နေဆဲဖြစ်ကြောင်း၊ ငလျင်ကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် ရှေးဟောင်းဘုရားများအား ပြန်လည်ပြုပြင်ရန် လှူဒါန်းလိုပါက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သာသနာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ဂေါပကအဖွဲ့များထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း၊ အလားတူ မန္တလေး၊ စစ်ကိုင်းဒေသရှိ ရှေးဟောင်းဘုရားများ ပြုပြင်ရန် လှူဒါန်းထားခဲ့သည့် အလှူရှင်များအနေဖြင့် မိမိတို့ ဘိုးဘွားမိဘအဆက်ဆက် လှူဒါန်း ခဲ့သည့် ရှေးဟောင်းဘုရားများ ထိခိုက်ပျက်စီးမှု ရှိ/မရှိ သိရှိလိုပါက အထက်ပါဌာနများသို့ ဖြစ်စေ၊ ဦးစီးဌာန myanmarearthquake.gov.mm Web Site တွင် ဖြစ်စေ စုံစမ်းမေးမြန်းကြည့်ရှုနိုင်ပါကြောင်း၊ ပျက်စီးမှု ပြန်လည်ပြုပြင်လိုပါကလည်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိ ပါသည်။

Loading