၁၉-၈-၂၀၂၅ ရက်နေ့၊ နံနက် ၀၈ ၄၅ အချိန်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး အပါအဝင် တာဝန်ရှိသူများ လိုက်ပါလျက် ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ ရောက်ရှိပြီး သောက်တော်ရေချမ်း နှင့်ပန်းများ ဆက်ကပ်ပါသည်။ ထို့နောက် မဟာမုနိဘုရားကြီး ဘက်စုံပြုပြင် မွမ်းမံနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးနှင့် ၇ ရက်သားသမီးများက လှူဒါန်းထားသော အလှူတော်ငွေနှင့် မဟာမုနိ ဘုရားကြီး ဌာပနာတော်အတွက် ဓာတ်တော်မွေတော်ကြုတ်များ၊ ဆင်းတုတော်နှင့် ဓမ္မစေတီများအား ဂေါပကအဖွဲ့ထံ လှူဒါန်းခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မဟာမုနိဘုရားကြီးအား ရွှေသင်္ကန်းများ ကပ်လှူပူဇော်ပြီး လက်ယာရစ်လှည့်လည်ပူဇော်ကာ မဟာမုနိဘုရားကြီးပရိဝုဏ်အတွင်းရှိ ငလျင်ဒဏ်သင့် သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဘုံ(၇)ဆင့်ပြာသာဒ်တွင်တင်လှူပူဇော်မည့်အမှတ်(၁) ပြတိုက်အတွင်းရှိ စိန်ဖူးတော်၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်များ အပူဇော်ခံ ထားရှိမှုအခြေအနေ များကို သွားရောက်ကြည့်ရှုဖူးမြော်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်းရှိ အစည်းအဝေး ခန်းမ၌ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သော မဟာမုနိဘုရားကြီး၏ဂန္ဓကုဋီတိုက်တော်၊ ပြာသာဒ် ကျောင်းတော်ကြီး အစရှိသော မဟာမုနိဘုရားကြီးပရိဝုဏ်အတွင်းရှိ သာသနိက အဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်ရေး အစည်းအဝေးသို့ တက်ရောက်၍ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာကိစ္စရပ်များအား ဩဝါဒဆရာတော်များထံမှ ဩဝါဒခံယူ၍ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်တို့မှ အင်ဂျင်နီယာပညာရှင်များ၊ ငလျင်ပညာရှင်များ၊ ဆက်စပ်ဌာန ဆိုင်ရာများ၊ ကျွမ်းကျင်သူများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက် သွားရန်၊ ဘုရားကြီး၏ သာသနိကအဆောက်အအုံ ကြံ့ခိုင်မှုအပြည့်အဝရရှိအောင် အကောင်းဆုံး အရည်အသွေးရှိသော ဆောက်လုပ်ရေးသုံး ပစ္စည်းများကို အသုံးပြုရန်နှင့် နောက်ဆုံးပေါ် နည်းပညာဖြင့် ဆောင်ရွက်သွားရန်စသည်ဖြင့် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ်ရှိ ဘုရားနီ ဘုရားသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ဘုရားနီဘုရားမှာ မြေပေါက်စေတီအမျိုးအစား ဖြစ်ပြီး အမရပူရခေတ်လက်ရာ ဖြစ်ကြောင်း၊ ဘိုးတော်ဗဒုံမင်း၏ ရွှေတိုက်ဝန်မင်းနှင့် နှမဖြစ်သူတို့က စေတီဟောင်းကိုငုံ၍ အသစ်ထပ်မံ တည်ထားခဲ့ကြောင်း၊ သို့သော် ပြီးဆုံးခြင်းတိုင်မရောက်ရှိဘဲ သရွတ်လိမ်းကျံ အချောမသတ်နိုင်ခဲ့ဘဲ အုတ်ရိုးနီနီအတိုင်း အချိန်ကြာစွာရှိနေသဖြင့် ဘုရားနီဟု ခေါ်တွင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘုရားနီသည် အနော်ရထာမင်း တည်သောဆုတောင်းပြည့် စေတီဘွဲ့ မည်တွင်သည့် အချိန်မှစပြီး ကမ္ဘာလေးရပ် ကျမ်းပြိုင်ကျမ်းကိုင်ရာ ဘုရားအဖြစ်လွန်စွာ နာမည်ကြီး ခဲ့သည်ဟု အဆိုရှိကြောင်း၊ မန္တလေးတွင် ဘုရားနီတစ်ဆူတည်းသာလျှင် ထိုကဲ့သို့ ကမ္ဘာလေးရပ် ကျမ်းသစ္စာပြိုင်သော ဘုရားအဖြစ် အသိအမှတ်ပြုခြင်းခံရသော မှတ်တမ်းဝင် ဂေဇက်ဝင် ဘုရား တစ်ဆူလည်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနပညာရှင် ဦးပေါက်ပေါက်က ရှင်းလင်းပြောကြား ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော အဖွဲ့က ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သော ဘုရားနီဘုရားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စေတီတော်ကြီးပြန်လည် ပြုပြင်ရာတွင် ဘုရားစေတီပုထိုးများ ပြုပြင်ရေးဆိုင်ရာ SOP Guideline နှင့်အညီ ရှေးမူမပျက် ပြန်လည်ပြုပြင် ထိန်းသိမ်းသွားရန်၊ ဆက်စပ်ဌာနမှ ပညာရှင်များ နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက် သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် စေတီတော်ကြီးပြန်လည် ပြုပြင်ရာတွင် ဌာပနာ ထည့်သွင်းရန်အတွက် ပြည်ထောင်စုဝန်ကြီးနှင့် ခုနစ်ရက်သားသမီးများက လှူဒါန်းထားသော အလှူငွေနှင့် ကြေးဗုဒ္ဓဆင်းတုတော်၊ ဓာတ်တော်စေတီတော်နှင့် ဓမ္မစေတီ များအား ဂေါပက အဖွဲ့ထံ လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ သက္ကရာဇ် ၄၂၆ ခုနှစ်၌ ကျန်စစ်သား မင်းကြီး တည်ထားတော်မူခဲ့သော ရတနာပုံခေတ် နှောင်းပိုင်းလက်ရာ စေတီတစ်ဆူဖြစ်သည့် အောင်မြေသာစံမြို့နယ်၊ အရိပ်မထွက်စေတီတော်ကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အရိပ်မထွက်စေတီတော်ကြီးမှာ မြေပေါက်စေတီအမျိုးအစားဖြစ်ပြီး ပုဂံခေတ်က ထိုဒေသကို ရန်အပေါင်းကို အရိပ်အမြွက်မထွက်ဟုခေါ်တွင်သည်ကို ကျောက်စာ အထောက်အထားအရ သိရှိရပါ ကြောင်း၊ ထိုအရိပ်မထွက်ဘုရားကို ပုဂံခေတ် မင်းရှင်စောက လည်းကောင်း၊ အမရပူရပြည့်ရှင် ဘိုးတော်ဗဒုံမင်း၏ သားတော်ကြီး အိမ်ရှေ့မင်းကလည်းကောင်း၊ ရတနာပုံခေတ်တွင် မင်းတုန်း မင်းကြီးကလည်းကောင်း၊ ခေတ်အဆက်ဆက်ပြုပြင်ထိန်းသိမ်းခဲ့ကြသည့် စေတီတော်တစ်ဆူလည်း ဖြစ်ကြောင်းကို ရှေးဟောင်းသုတေသနပညာရှင် ဦးပေါက်ပေါက်က ရှင်းလင်းပြောကြားခဲ့ပါသည်။ ၂၈.၃.၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အရိပ်မထွက် စေတီတော်ကြီးအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စေတီတော်ကြီးပြန်လည်ပြုပြင်ရာတွင် ဘုရား၊ စေတီ၊ ပုထိုးပြုပြင်ခြင်းဆိုင်ရာ SOP Guideline နှင့်အညီ ရှေးမူမပျက်ပြန်လည်ပြုပြင် ထိန်းသိမ်း သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် စေတီတော်ကြီး ပြန်လည် ပြုပြင်ရာတွင် ဌာပနာ ထည့်သွင်းရန်အတွက် ပြည်ထောင်စုဝန်ကြီးနှင့် ခုနစ်ရက်သားသမီးများက လှူဒါန်းထားသော အလှူငွေနှင့် ကြေးဗုဒ္ဓဆင်းတုတော်၊ ဓာတ်တော်စေတီတော်နှင့် ဓမ္မစေတီ များအား ဂေါပက အဖွဲ့ထံ လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
![]()