ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့မှ (၁၃) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော (၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှု ညီလာခံသို့ တက်ရောက်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်၍ အနုပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါက်တာလဲ့လဲ့အောင်နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာဇံတို့က အဖွဲ့ဝင်အဖြစ် လိုက်ပါသည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ရက်နေ့တွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပြီး စက်တင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။
ဤညီလာခံသည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ယဉ်ကျေးမှုဆိုင်ရာဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အနုပညာရှင်များနှင့် ယဉ်ကျေးမှုလေ့လာ အကဲဖြတ်သူများ တက်ရောက်ပါဝင်ဆွေးနွေးကြသည့် ညီလာခံဖြစ်ပြီး “Return to Culture, New Opportunities” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီး ဒေါ်နုမြဇံဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ညပိုင်းတွင် စိန့်ပီတာစဘတ်မြို့သို့ ရောက်ရှိပြီးနောက် စက်တင်ဘာလ ၁၀ ရက်နေ့တွင် စိန့်ပီတာစဘတ်မြို့ရှိ Saint ISACC’s Cathedral နှင့် Kazansky Cathedral အမည်ရှိ ရှေးဟောင်းဘုရားရှိခိုးကျောင်းများ၏ ဗိသုကာလက်ရာများ၊ ရှေးဟောင်းအမွေအနှစ်လက်ရာများအား ရှေးမူမပျက် ထိန်းသိမ်းထားရှိမှုများကို ဦးစွာ လေ့လာခဲ့ပါသည်။
ထို့နောက် စိန့်ပီတာစဘတ်မြို့ရှိ Winter Palace, General Staff Building, Small Hermitage, New Hermitage စသည်တို့ဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာပေါ်ရှိ အကြီးဆုံး ယဉ်ကျေးမှုပြတိုက်ကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သော Hermitage Museum သို့ သွား ရောက်ခဲ့ပြီး ရုရှားအနုပညာဆိုင်ရာပစ္စည်းများ၊ နန်းတော်အသုံးအဆောင်ပစ္စည်းများ၊ ရှေးဟောင်းစစ်ဘက်ဆိုင်ရာ အသုံးအဆောင်များအား ခင်းကျင်းထားရှိမှုများ၊ ဥရောပအနုပညာ ပစ္စည်းများ၊ Leonardo da Vinci, Rembrandt, Raphael စသည့် ကမ္ဘာကျော် ပန်းချီ ဆရာများ၏ ပန်းချီကားများ၊ အရှေ့တိုင်းယဉ်ကျေးမှု ရှေးဟောင်းပစ္စည်းများနှင့် အီဂျစ် ယဉ်ကျေးမှုရှေးဟောင်းပစ္စည်းများအား ခင်းကျင်းပြသထားရှိမှုများကို လေ့လာခဲ့ရာ ပြတိုက် တာဝန်ရှိသူများက လိုက်ပါရှင်းလင်းပြသပြီး ဒုတိယဝန်ကြီးက ပြတိုက်ခင်းကျင်းမှု နည်းစနစ် များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် Marble Palace ရှိ Russian Museum တွင် ယဉ်ကျေးမှုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ အစည်းအဝေးကို ကျင်းပခဲ့ပြီး နိုင်ငံပေါင်းစုံမှ ကိုယ်စားလှယ်များက ယဉ်ကျေးမှုဆိုင်ရာကဏ္ဍအသီးသီးကို ဆွေးနွေးတင်ပြခဲ့ကြရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက မြန်မာ့ယဉ်ကျေးမှုနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာတွင် နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်း ရှိသည့် မြန်မာနိုင်ငံသည် ရှေးဟောင်းပျူခေတ်နှင့် ပုဂံခေတ်ယဉ်ကျေးမှုမှစတင်၍ မျက်မှောက်ခေတ် တိုင်းရင်းသားလူမျိုးများအားလုံး၏ သက်ဝင်လှုပ်ရှားရှင်သန်လျက်ရှိသည့် အမွေအနှစ်များအထိ ယဉ်ကျေးမှုအစဉ်အလာများ စုစည်းတည်ရှိရာ အရပ်ဒေသတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအနေနှင့် ယဉ်ကျေးမှုဖလှယ်ခြင်းဟူသည် အနုပညာနှင့် ဓလေ့ရိုးရာအစဉ်အလာ များကို မျှဝေရုံသက်သက်သာမဟုတ်ဘဲ စိတ်နှလုံးသားအချင်းချင်းဆွေးနွေးခြင်းဖြစ် သည်ဟု ယုံကြည်ပါကြောင်း၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ တန်ဖိုးရှိလှသည့် ယဉ်ကျေးမှု အမွေအနှစ် များကို ထိန်းသိမ်းစောင့်ရှောက်ခံရရန်၊ လေးစားဂုဏ်ယူမြတ်နိုးရန်၊ အနာဂတ်မျိုးဆက်သစ် များအား လက်ဆင့်ကမ်းနိုင်ရန်အတွက် မြန်မာနိုင်ငံအနေနှင့် အခြားသောနိုင်ငံများနည်းတူ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း၊ စုပေါင်းကြိုးပမ်းမှုများသည် ကမ္ဘာကြီး တစ်ခုလုံးအတွက် ယဉ်ကျေးမှုဆိုင်ရာစည်းလုံးမှု၊ အပြန်အလှန်လေးစားမှုနှင့် ငြိမ်းချမ်းရေး အတွက် လမ်းပြကြယ်ပင်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် Hermitage General Staff Building ၌ ရုရှားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Tatyana Golikova ဦးဆောင် ကျင်းပသည့် နောက်ဆုံးအစည်းအဝေး(Final Session)ကို တက်ရောက်ခဲ့ရာ ရှေးဦးစွာ ရုရှားနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီး Mrs.Olga Liubimova က အဖွင့်အမှာစကားပြောကြားပြီး ရုရှားနိုင်ငံမှ ဂီတ၊ ရုပ်ရှင်နှင့် ဉာဏ်ရည်တုနည်းပညာစသည့် ယဉ်ကျေးမှုကဏ္ဍနယ်ပယ် အသီးသီးမှ ထင်ရှားကျော်ကြားသည့် ပညာရှင်များက ဆွေးနွေးတင်ပြကြပါသည်။ ထို့နောက် General Staff Building အတွင်း၌ ပြသထားသည့် အထိမ်းအမှတ်ဆိုင်ရာပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။ညနေပိုင်းတွင် ပူရှကင်(Pushkin)မြို့ရှိ Catherine Palace တွင် Plenary Session ကျင်းပခဲ့ပြီး ရုရှားနိုင်ငံ၏ အဆင့်မြင့်ဧည့်သည်တော်များနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ယဉ်ကျေးမှုဆိုင်ရာကိုယ်စားလှယ်များအား ရုရှားသမ္မတပူတင်က လာရောက် တွေ့ဆုံ၍ မိန့်ခွန်းပြောကြားသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့တွင် Winter Palace ၌ Hermitage Prize ဆုပေးပွဲ အခမ်းအနားကျင်းပခဲ့ပြီး နိုင်ငံပေါင်းစုံမှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြ ပါသည်။
(၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုညီလာခံသည် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ယဉ်ကျေးမှုဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ဆွေးနွေးကြ သည့်အစည်းအဝေးတစ်ရပ်ဖြစ်ပြီး နိုင်ငံတကာယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ဖွံ့ဖြိုးစေရန် အရေးပါသည့် အခမ်းအနားတစ်ရပ်လည်း ဖြစ်ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှ ပြန်လည်ထွက်ခွာလာခဲ့ပြီး စက်တင်ဘာလ ၁၅ ရက်နေ့ တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။
![]()