သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ရန်ကုန်မြို့ရှိ အနုပညာဗဟိုဌာန တည်ဆောက်မှုများကို ကြည့်ရှုစစ်ဆေး ရန်ကုန် စက်တင်ဘာ (၂၁) ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် မင်းဓမ္မ လမ်းပေါ်ရှိ အနုပညာဗဟိုဌာန (Myanmar Art Center – Yangon) သို့ ရောက်ရှိကာ တည်ဆောက်လုပ်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ နိုင်ငံတကာအဆင့်မီ အနုပညာ ဗဟိုဌာန(ရန်ကုန်)သည် မြေအောက်နှစ်ထပ် မြေပေါ်သုံးထပ် အဆောက်အအုံဖြစ်ပြီး အလျားပေ ၃၅၀ x အနံ ၂၅၀ ပေကျယ်ဝန်းသော မြေဧက ၇.၄၁ ဧကပေါ်ရှိ Steel Structure Building ဖြစ်ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ဆောက်လုပ်ရေးရှင်းလင်းဆောင်တွင်  Myanmar Land and Development Limited ဆောက်လုပ်ရေးကုမ္ပဏီမှ Managing Director ဦးသန့်ဇင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက် ရှိသောလုပ်ငန်း (၇) ခု၏ ဆောင်ရွက်မှုကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ Project Director ဒေါ်ယုယုနိုင်က လုပ်ငန်းပြီးစီးမှုများနှင့်ပတ်သက်ပြီး ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ရေဂါလံ (၃၀၀၀၀)ဆန့် Ground Tank (၂) လုံး တည်ဆောက်ပြီးစီးမှုကိုလည်းကောင်း၊ (၈) လက်မ Tube Well တူးဖော်ခြင်းလုပ်ငန်းကိုလည်းကောင်း ၊ Steel Structure သန့်ရှင်းရေးနှင့် ဆီဆေးသုတ်ခြင်း လုပ်ငန်းကိုလည်းကောင်း၊ RC Wall နံရံများအချောကိုင်ခြင်း၊ ရေလုံဆေး သုတ်ခြင်းလုပ်ငန်းများ၏ ပြီးစီးမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိ သူများက လိုက်လံရှင်းလင်းပြသပါသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှုပြုရာတွင် တည် ဆောက်ရေးလုပ်ငန်းအဆင့်တိုင်း ဆောင်ရွက်ရာ၌ စံချိန်စံညွှန်းမီအောင် ဆောင်ရွက်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်အရည်အသွေးစံနှုန်းများနှင့်အညီ သုံးစွဲရေး၊ Structure ပါအတိုင်း အဆင့်တိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အရည်အသွေး စစ်ဆေး ရေးအဖွဲ့ (QC Team )က အလေးထား စစ်ဆေးသွားရေး ၊ QC Report တင်ပြပေးရေး၊   လိုက်နာ

ဆောင်ရွက်မှု မှတ်တမ်းထားရှိ စစ်ဆေးကြီးကြပ်ပေးရေး ၊ ငလျင် ရစ်(ချ်)စတာစကေး ၈.၀ ခံနိုင် ရည်ရှိအောင် ဆောင်ရွက်ပေးရေးစသည်ဖြင့် လိုအပ်သည်များအား မှာကြားခဲ့ပါသည်။

အနုပညာဗဟိုဌာန (Myanmar Art Center – Yangon) ကို ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရပ်များ တင်ဆက်နိုင်မည့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနအဖြစ် ဖျော်ဖြေရေး အတွက်သာမက အနုပညာဆိုင်ရာပြပွဲ၊ ပြိုင်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာနှင့် ဆက်စပ်သော ဟောပြောပွဲများ ပြုလုပ်နိုင်ရန်အတွက်ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအနုပညာဗဟိုဌာနကြီး တည်ဆောက်ပြီးစီးပါက နိုင်ငံတကာမှ လာရောက်သော ယဉ်ကျေးမှုပဒေသာကပွဲများ၊ ကဇာတ်၊ ပြဇာတ်နှင့် တေးဂီတသံစုံ ဖျော်ဖြေတီးခတ်မှုများ၊ တေးဂီတဆိုင်ရာဖျော်ဖြေမှုများ၊ အနုပညာနှင့် ဆက်စပ်သော ပန်းချီ၊ ပန်းပုဆိုင်ရာ ပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာဆိုင်ရာ ပညာပေးဟောပြောမှုများကို ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပန်းချီ၊ ပန်းပုနှင့် စာပေနယ်ပယ်အသီးသီးမှ မြန်မာအနုပညာရှင် လူငယ်များအနေဖြင့် မိမိတို့၏ အနုပညာရပ်များကို ကမ္ဘာသို့ ဖော်ထုတ်ပြသနိုင်မည်သာမက ကမ္ဘာ့အနုပညာအသီးသီးနှင့် ဆက်စပ်ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းကောင်းများ ရရှိစေမည့် အနုပညာဗဟိုဌာနတစ်ခု ဖြစ်ပါသည်။

အဆိုပါအဆောက်အဦးကို ၂၀၁၅ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး  ၂၈-၃-၂၀၁၆ ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ကာ ယခုအချိန်တွင်  အနုပညာဗဟိုဌာနရှိ ပင်မအဆောက်အအုံ၏ Foundation နှင့် Steel Structure သံတိုင်များ စိုက်ထူထားသည့် Skeleton Phase-1 အဆင့် တည်ဆောက်ပြီးစီး၍ လိုအပ်သော ရေရရှိရေးနှင့် မီးသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

Loading