(၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပနေပြည်တော်စက်တင်ဘာလ၂၄

၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဒုတိယကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ် ၁၃:၀၀ နာရီက နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ချောချောစိန်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ရှေးဦးစွာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် ၁၉၉၃ ခုနှစ်က စတင်ပြီး ယနေ့တိုင်ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွေရဲ့ အစဉ်အလာကို မပျက်စေဘဲ တင့်တယ်ခမ်းနားစွာ‌ ကျင်းပ ဆောင်ရွက် သွားကြရမှာဖြစ်ပါကြောင်း၊ ­နာယကပါဝင်သော ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီရဲ့ ပထမ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ဆောင်ရွက်ရမည့် လုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ ကျရာကဏ္ဍအလိုက် အောင်မြင်စွာ ဆောင်ရွက်နိုင်ကြ မည်လို့ ယုံကြည်ပါကြောင်း၊ ယှဉ်ပြိုင်ဖို့ သတ်မှတ်ထားတဲ့ ပြိုင်ပွဲအဆင့်များ၊ ဘာသာရပ်ဆိုင်ရာ သတ်မှတ်ချက်များ၊ အဆိုနှင့် အတီး စံပြုတေးသီချင်းများ၊ အကဲဖြတ်ပညာရှင်များနဲ့ ပြိုင်ပွဲဝင် များလိုက်နာရန် စည်းကမ်းချက်များ ပါဝင်တဲ့ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်များကို ဖြန့်ဝေပေးထားပြီးဖြစ်ပါကြောင်း၊ ဒီနှစ်မှာ ယှဉ်ပြိုင်ရန် မဲပေါက်ခဲ့တဲ့ တနင်္သာရီတိုင်းဒေသကြီးရဲ့ ထားဝယ်ယိမ်းအကကို ပြိုင်ပွဲဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးတို့မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် တေးသီချင်း၊  ဝတ်စားဆင်ယင်မှုနဲ့ အကပုံစံများကို ဗီစီဒီအခွေများနဲ့ ကြိုတင်ပေးပို့ခဲ့ပြီး တိုင်း‌ဒေသကြီးနဲ့ ပြည်နယ်ကိုယ်စားပြု ဆရာ၊ ဆရာမများကိုလည်း နေပြည်တော်သို့ ခေါ်ယူပြီး ပညာရှင်များ ကိုယ်တိုင် ကကြိုးကကွက်များကို  သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယှဉ်ပြိုင်ဖို့ သတ်မှတ် ထားတဲ့ ဘာသာရပ်များမှာ ပြိုင်ပွဲဝင်များ အဆင့်အလိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်စိစစ်ရေးဆပ်ကော်မတီက ချမှတ်ထားတဲ့ ပြိုင်ပွဲဝင် စည်းကမ်းချက်များအတိုင်း စိစစ် ဖို့လိုအပ်ပါကြောင်း၊ ပြိုင်ပွဲအကြိုကာလ လှုံ့ဆော်ရေး အစီအစဉ်အဖြစ် ပညာရှင်များနဲ့ တွေ့ဆုံ ဆွေးနွေးခန်းများ ရိုက်ကူးပြီး မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်ပြသရေး၊ ပြိုင်ပွဲ ဦးတည်ချက် များ၊ အဆိုနှင့်အတီး စံပြုတေးသီချင်းများထုတ်လွှင့်ရေး၊ လှုံ့ဆော်ရေး ဆိုင်းဘုတ်များ စိုက်ထူ ရေး တို့ကို ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍအနေနဲ့ ကူးစက်ရောဂါ ပြန့်ပွားမှုများ မရှိစေရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကြိုတင်စစ်ဆေး ကာကွယ်မှုများ ပြုလုပ်နိုင်ရန် ဆောင်ရွက် ရမှာဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေနဲ့ ပြောကြားလို တာကတော့ ယခုနှစ် ကျင်းပမယ့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပ နိုင်ရေးအတွက်  ဆပ်ကော်မတီများနဲ့  တာဝန်ရှိ ပုဂ္ဂိုလ်များ အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြား လိုပါ ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပြိုင်ပွဲကျင်းပရေးအတွက် ဆောင်ရွက်ထားရှိမှုများကို  ရှင်းလင်းတင်ပြခဲ့ပါသည်။

 ထို့နောက် ဦးစီးကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကြပြီး အစည်းအဝေးသို့ တက်ရောက်လာသော ဆပ်ကော်မတီ အသီးသီးတို့က လုပ်ငန်းဆောင်ရွက်ထားရှိမှုတို့နှင့်ပတ်သက်၍ Power Point များဖြင့် တင်ပြ ကြပါသည်။ ဆက်လက်၍ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရေးချုပ်ရုံး၊ စစ်ထောက်ချုပ်ရုံး၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးနှင့် စခန်းမှူးရုံးတို့မှ တာဝန်ရှိသူများက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆွေးနွေးတင်ပြခဲ့ပါသည်။

ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ပြီး ယခုနှစ်ကျင်းပပြုလုပ်မည့်(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခင်နှစ်ထက်စာရင် ယခုနှစ်သည် အင်အားနည်းပါးပါကြောင်း၊ ဆပ်ကော်မတီအသီးသီး ဆွေးနွေးတင်ပြချက်များ အတိုင်း ပြိုင်ပွဲမကျင်းပမီ ကြိုတင်ပြင်ဆင်သည့်ကာလ၊ ပြိုင်ပွဲကျင်းပသည့်ကာလ၊ ဆုချီးမြှင့် သည့်ကာလနှင့် ညစာစားပွဲကာလ ပြိုင်ပွဲပြီးဆုံးချိန်အထိ မူလစီမံထားရှိသည့်အတိုင်း စီမံ ဆောင်ရွက်သွားကြပါရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Loading