သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့် မြို့တွင် ကျင်းပပြုလုပ်သည့် အာရှယဉ်ကျေးမှုအမွေအနှစ်များ မဟာမိတ်အဖွဲ့၏ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံ၊ တတိယအကြိမ်မြောက် ကောင်စီအစည်းအဝေးနှင့် ဆက်စပ်ပြပွဲများ၊ အစီအစဉ်များသို့ ပါဝင်တက်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၉ရက် နေ့အထိကျင်းပခဲ့သည့် အာရှယဉ်ကျေးမှုအမွေအနှစ်များ မဟာမိတ်အဖွဲ့၏ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံ၊ တတိယအကြိမ်မြောက် ကောင်စီအစည်းအဝေးနှင့် ဆက်စပ်ပြပွဲများ၊ အစီအစဉ်များသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းကြိုင်၊ ဝန်ကြီးရုံး၊ ရုံးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး‌ ဒေါ်မေဝင်းမော်တို့ အဖွဲ့ဝင်အဖြစ် ပါဝင်တက်ရောက်ခဲ့ကြသည်။

          အဆိုပါ အစည်းအဝေးများကို  ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်ရန်နှင့် အဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု တိုးပွား စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်ပါသည်။

          ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်  ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ချုံချင့်မြို့သို့ ရောက်ရှိပြီး ၂၆.၁၁.၂၀၂၅ ရက်နေ့ ၁၀း၀၀နာရီတွင် China’s National Cultural Heritage administration and Executive Secretary – General of the Alliance for Cultural heritage Conservation in Asia(ACHA) မှ Deputy Director General Mr Xie Bing ဦးဆောင်သော ACHA မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပါသည်။ နေ့လယ်ပိုင်း တွင် China Three Gorges Museum သို့လေ့လာရေးသွားရောက်ခဲ့ရာ အဆိုပါပြတိုက်တွင် ချုံချင့််မြို့ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သော Dazu ကျောက်ဂူနံရံပေါ်ရှိ ကျောက်ဆစ်လက်ရာ များ အထူးပြပွဲကိုလည်းကောင်း၊ Three Gorges (ယန်စီမြစ်၊ မြစ်ဝါမြစ်အပါအဝင် မြစ် ၃ မြစ်ဆုံရာဒေသ)တွင် တာတမံ ပြုလုပ်ရာမှ ထွက်ပေါ်လာသော ခေတ်အဆက်ဆက် ရှေးဟောင်း ပစ္စည်းများပြခန်းကိုလည်းကောင်း လေ့လာကြည့်ရှု့ခဲ့ကြပါသည်။ ညနေပိုင်းတွင် ACHA မှ တာဝန်ရှိသူများ ဧည့်ခံကျွေးမွေးသည့် Welcome Dinner သို့ အခြားနိုင်ငံများမှ  ကိုယ်စားလှယ် များနှင့်အတူ တက်ရောက်ခဲ့ပါသည်။ Welcome Dinner အဝင်နေရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ လက်မှုအနုပညာများကို ခင်းကျင်းပြသ၍ လက်တွေ့ပြုလုပ်စေခြင်းများကို စီစဉ်ထားရှိသဖြင့် တရုတ်ရိုးရာပန်းချီဆေးချယ်ခြင်းနှင့် တရုတ်လက်ဘက်ရည်ယဉ်ကျေးမှုများတွင် ပါဝင်လေ့လာခဲ့ပါသည်။

          ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၇ရက်နေ့ ၀၈:၃၀နာရီတွင် အာရှယဉ်ကျေးမှုအမွေအနှစ်များ မဟာမိတ်အဖွဲ့၏ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံကို ချုံချင့်မြို့ရှိ Liangjiang Hall, Chongqing Yuelai International Conference Centerတွင် ကျင်းပခဲ့ရာ Culture and  Tourism of China, Administrator of the National Cultural Heritage Administration မှ Vice Minister Mr. Rao Quan က ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး  အဖွဲ့ဝင်နိုင်ငံပေါင်း (၂၆) နိုင်ငံမှ ဖိတ်ကြားထားသည့် တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံမှ ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါညီလာခံတွင် ACHA မှ တာဝန်ရှိသူများက အမှာစကားများပြောကြားကြပြီးနောက် နိုင်ငံအလိုက်ဆွေးနွေးတင်ပြကြရာ မြန်မာနိုင်ငံကိုကိုယ်စားပြု၍ ဒုတိယဝန်ကြီးက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်နေပုံ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရာ၌ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ သဗ္ဗညုဘုရားကို MOU ရေးထိုး၍ ပြုပြင်ထိန်းသိမ်းပေးနေပုံ၊ လန်ချမ်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထောက်အပံ့ရန်ပုံငွေဖြင့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်/ မန္တလေး)တို့မှ ပန်းချီ၊ပန်းပု နှီးနှော ဖလှယ်ပွဲများ ရုပ်သေးပြပွဲများ၊ ရုပ်ရှင်နှင့် ဖလင်ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ခဲ့ပုံနှင့် ၂၈.၃.၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးသည့် မန္တလေးနန်းမြို့ရိုး၊ အင်းဝပြတိုက်နှင့် မန္တလေး၊ အင်းဝပတ်ဝန်းကျင်မှ ဘုရား၊ပုထိုးအချို့ကို တရုတ်ပညာရှင်များက လာရောက်ကွင်းဆင်း မှတ်တမ်းတင် အကြံပြုခဲ့ကြပုံ များကို ပါဝါပွိုင့်ဖြင် တင်ပြဆွေးနွေးခဲ့ပါသည်။ အလားတူ အာရှတိုက်တစ်ခုလုံးရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း ရေးနှင့် ပတ်သက်၍ Net Work ထားရှိရန်ကိစ္စ အပါအဝင် အကြံပြုချက်များကိုလည်း ဆွေးနွေး ခဲ့ပါသည်။ ACHA အထွေထွေညီလာခံကို နေ့လယ် ၁၂:၀၀နာရီ တွင် ရုတ်သိမ်းခဲ့ပါသည်။

တတိယအကြိမ်မြောက် ACHA ကောင်စီအစည်းအဝေးကို ၁၅:၀၀ နာရီတွင် Joy Hall, Chongqing Yuelai International Conference Center  ၌ ကျင်းပရာ Secretary – General of ACHA, Mr Kong Vireak က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ACHA အဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံမှ  ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။

၂၇.၁၁.၂၀၂၅ ရက်နေ့ညပိုင်းတွင် ACHA ညီလာခံကိုယ်စားလှယ်များအား ယန်စီမြစ်အတွင်း အပျော်စီးသင်္ဘောဖြင့်လှည့်လည်ပြသရာ တရုတ်ယဉ်ကျေးမှုများကို ဖော်ပြသော Drone Show ဖြင့်လည်းကောင်း၊ တရုတ်ရိုးရာ အကအလှများဖြင့်လည်းကောင်းဖျော်ဖြေတင်ဆက်ကြပါသည်။

၂၈.၁၁.၂၀၂၅ ရက်နေ့တွင် ချုံချင့််မြို့ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သော Dazu ကျောက်ဂူနံရံပေါ်ရှိ ကျောက်ဆစ်လက်ရာများတည်ရှိရာ Cultural Heritage sites in Dazu District သို့သွားရောက်လေ့လာခဲ့ပါသည်။ ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ၂၉.၁၁.၂၀၂၅ ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ချုံချင့်မြို့မှ ပြန်လည်ထွက်ခွာလာရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြောင်းသတင်းရရှိသည်။

Loading