သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၏ (၇၄)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြား ရန်ကုန်မြို့၊ ဒီဇင်ဘာလ ၇  

မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၏ (၇၄)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ယနေ့ နေ့လယ် ၁၀၀၀ နာရီက ကျင်းပပြုလုပ်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဦးပညိန္ဒနှင့် အဖွဲ့ဝင် ပညာရှင်ကြီး များ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သော အစည်းအဝေးပွဲတွင် မူမှန်ပြက္ခဒိန် ရေးဆွဲရေး၊ မဟာသင်္ကြန်စာရေးသား ပြုစုရေးတို့ကိုလည်း ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊  မြန်မာ-အင်္ဂလိပ်-ရခိုင် မူမှန်ပြက္ခဒိန်များရေးဆွဲရာတွင် ဝါကြီးထပ်၊ ဝါငယ်ထပ်စသည်ဖြင့် ဝါထပ်၊ ရက်ငင်ကိစ္စရပ်များကို အထူးအလေးထားပြီး ရေးဆွဲကြရမည် ဘဖြစ် ကြောင်း၊ မြန်မာပြက္ခဒိန်သည် သာသနာ့ဝန်ကိုထမ်းဆောင်တော်မူကြသည့် ရဟန်း၊ သံဃာတော် များအတွက် ဝိနည်းတော်နှင့်အညီ ဝါဆို၊ ဝါကပ်ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် အရေးပါသော သတ်မှတ်ချက်တစ်ခုလည်းဖြစ်ပါကြောင်း။

          မြန်မာ-အင်္ဂလိပ်-ရခိုင် မူမှန်ပြက္ခဒိန်ရေးဆွဲရေးနှင့် မဟာသင်္ကြန်စာရေးသားပြုစုရေး တို့ကိုလည်း ပညာရှင်ကြီးများအနေဖြင့် နှစ်စဉ်ဆောင်ရွက်နေကျအတိုင်း ဝိုင်းဝန်းကြိုးပမ်း ပြုစုရေးဆွဲနိုင်ရန်အတွက်လည်း ပန်ကြားလိုပါကြောင်း၊

          (၇၃) ကြိမ်မြောက်  မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့မှ မြန်မာ့ပြက္ခဒိန်ပညာရပ်များ မတိမ်ကော မပပျောက်စေရေးနှင့် နိုင်ငံတကာအဆင့်မီ ပြက္ခဒိန်ပညာရှင်များ ပေါ်ထွက်လာစေ ရေးအတွက် အနုပညာဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်တို့ ပူးပေါင်း ပြီး ဘွဲ့လွန်မြန်မာပြက္ခဒိန်ပညာ ဒီပလိုမာသင်တန်းကို ဖွင့်လှစ်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် သင်တန်းအမှတ်စဉ်(၂)ကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ထိုသို့ ဖွင့်လှစ်နိုင်ခဲ့သည်မှာ ပြက္ခဒိန် ပညာရှင်များ၏ ကြိုးပမ်းမှုကြောင့်ဖြစ်ပါကြောင်း တင်ပြလျှောက်ထားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဦးပညိန္ဒက အဖွင့်အမှာစကား မိန့်ကြားတော်မူပါသည်။ ထို့နောက် အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက (၇၄)ကြိမ်မြောက် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ မျက်နှာစုံညီ အစည်းအဝေးနှင့် စပ်လျဉ်း၍ လျှောက်ထားရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံပြက္ခဒိန် အကြံပေးအဖွဲ့ အဖွဲ့ဝင် ဆရာကြီးများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခြင်း၊ ဥက္ကဋ္ဌ ဆရာတော်က လိုအပ်သည်များကို ပြန်လည်မိန့်ကြားခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက နိဂုံးချုပ် အမှာစကားလျှောက်ထား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။

 

Loading