သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး(ယဉ်ကျေးမှု)ဒေါ်နုမြဇံသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အမျိုးသားပြတိုက်(နေပြည်တော်)အား ACM Co.,Ltd က ပြုပြင်ထိန်းသိမ်းနေမှုများကို ၂၁-၁၂-၂၀၂၅ ရက်နေ့တွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် အမျိုးသားပြတိုက် (နေပြည်တော်)ရှိ ပရိုင်းမိတ်နှင့်ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ်(ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်)ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနုသုခုမပြခန်း၊ သမိုင်းတင်ခေတ်ဦး ပြခန်း၊ သီဟာသနပလ္လင်ပြခန်း၊ မြန်မာ့လက်မှုအနုပညာပြခန်းနှင့် အာဆီယံပြခန်းတို့ကို ပြုပြင်ထိန်းသိမ်းနေမှုများအားစစ်ဆေးခဲ့ရာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသပါသည်။ ဒုတိယဝန်ကြီးက ပြခန်းများပြန်လည် ပြုပြင်ထိန်းသိမ်းရာတွင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်၊ ပြခန်းများ ပြုပြင်ပြီးစီးပါက ပြတိုက်ဝန်ထမ်းများက ပြခန်းများ ပြန်လည် ခင်းကျင်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ A ဆောင်၊ B ဆောင်ရှိ e-library ခန်း၊ ဝန်ဇင်းမင်းရာဇာခန်းမ၊ စာအုပ်စင်ခန်း၊ C ဆောင်တို့ကို Moon Rays Co.,Ltd က ပြုပြင်ထိန်းသိမ်းနေမှုများကို စစ်ဆေးခဲ့ရာ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပါသည်။ ဒုတိယဝန်ကြီးက စာကြည့်တိုက်ရှိ အဆောင်များအား မကြာမီပြန်လည်ဖွင့်လှစ်နိုင်အောင် စာအုပ်စာတမ်းများကို စနစ်တကျ ပြန်လည်ဖတ်ရှုနိုင်အောင် ကြိုတင်ပြင်ဆင်ထားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါ်နုမြဇံသည် ၂၂-၁၂-၂၀၂၅ ရက်နေ့တွင် မန္တလေးမြို့သို့ရောက်ရှိပြီး ရှေးဦးစွာ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးနန်းမြို့ရိုးပြုပြင်ထိန်းသိမ်းနေမှုများကို Max Trust Co.,Ltd က ဆောင်ရွက်သည့် အရှေ့ဘက်မြို့ရိုး၊ သူရဲခို၊ ဦးထိပ်ပြာသာဒ်နှင့်ထောင့်၂ ကြားပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းတွင် ဦးထိပ်နှင့်ပြ ၅ ကြား ပြုပြင်ထိန်းသိမ်းနေသည့်လုပ်ငန်းများကို လည်းကောင်း၊ အမှတ်(၉၅၁)ဆောက်လုပ်ရေးတပ်ခွဲ အင်ဂျင်နီယာက ဆောင်ရွက်သည့် ဦးထိပ်၊ သောင်းညွန့်၊ ကျော်မိုး၊ ပြ ၁၀ ပြာသာဒ်ပြုပြင် ထိန်းသိမ်းခြင်း၊ တောင်ဘက်မြို့ရိုး ထောင့် ၂ နှင့်ပြ ၁၀ ကြားပြုပြင်ထိန်းသိမ်းခြင်း၊ တောင်ဘက်မြို့ရိုးရှိ ပြ ၁၀ နှင့် ပြ ၁၁ ကြား(ပြ ၁၁ အပါ) ပြုပြင်ထိန်းသိမ်းခြင်း၊ တောင်ဘက်မြို့ရိုးရှိ ပြ ၁၁ နှင့် ပြ ၁၃ ကြားပြုပြင်ခြင်းလုပ်ငန်းတို့အနက် တောင်ဘက်မြို့ရိုးအုတ်နံရံထိန်းသိမ်းခြင်းလုပ်ငန်း၊ ပြ ၁၀နှင့်ပြ၁၁နှင့် ကျော်မိုးပြာသာဒ်ပြုပြင် ထိန်းသိမ်းနေသည့် လုပ်ငန်းများကိုလည်းကောင်း၊ ကောင်းမြတ်အောင်ကျော်ကုမ္ပဏီက ဆောင်ရွက်နေသည့် စည်သာပြာသာဒ်ပြုပြင်ထိန်းသိမ်းခြင်း၊ လွန်ကဲပြာသာဒ်ပြုပြင် ထိန်းသိမ်း ခြင်းလုပ်ငန်းဆောင်ရွက်နေသည်များကို လိုက်လံကြည့်ရှုရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲ ညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။
ဒုတိယဝန်ကြီးက နန်းမြို့ရိုး၏ အောက်ခြေတွင် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ရန်၊ မူလမြို့ရိုးနှင့် မြို့ရိုးအသစ် မျက်နှာပြင်ညီညာအောင် ဆောင်ရွက်ရန်၊ ပြာသာဒ် များရှိ တိမ်းစောင်းနေသော မှန်ကင်းတိုင် များကို ပြန်လည်တည့်မတ်အောင်ဆောင်ရွက်ရန်၊ ပြအိုးများရှိကြာမှောက်ကြာလှန်များ၊ ဖောင်းရစ်များကို ညီညာအောင်ဆောင်ရွက်သွားရန်၊ ရတနာပုံနန်းမြို့ရိုးသည် မန္တလေးမြို့၏ အထင်ကရယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့်အတွက် ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရန်၊ ပြုပြင်ထိန်းသိမ်းရာတွင်လည်း စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် နှင့်မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် ကဏ္ဍများအလိုက် အချိန်မီပြီးစီးအောင် ဆောင်ရွက် သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
![]()