သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ၂၃-၁၂-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် မြနန်းစံကျော်ရွှေနန်းတော်ရှိ နန်းဆောင်များဆေးသုတ်ခြင်း၊ အမွှမ်းပန်း များထိန်းသိမ်းခြင်း၊ မြေနန်းပြာသာဒ်ဆောင်တွင် ယွန်းကြိုးထိုးခြင်း၊ ဝေါကြီးရိပ်ဝှဲ(ခြင်္သေ့ခံ) ပုံစံတူပြုလုပ်ပြသခြင်း၊ ရွှေတိုက်ဆောင်၊ မှန်နန်းဆောင်နှင့် ဘုရင့်အိပ်ခန်းဆောင်ရှိ နန်းသုံး ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။
ဒုတိယဝန်ကြီးက မြနန်းစံကျော်ရွှေနန်းတော် မြေနန်းပြာသာဒ်ဆောင်ရှိ ငလျင်ကြောင့် ပျက်စီးသွားသောပိုက်ကွက်များကို အသစ်ပြန်လဲရန်၊ ဝေါကြီးရိပ်ဝှဲ(ခြင်္သေ့ခံ)ပုံစံတူ ခင်းကျင်းပြသ ပြီးပါက ဝေါအသုံးပြုသည့်အဆင့်အလိုက် ရှင်းလင်းချက်စာသားအား ပြည့်စုံစွာရေးသားပြသရန်၊ ဝေါအပေါ်ပိုင်းကို သံ အသုံးပြုမည်ဆိုပါက သံချေးမတက်သော အောက်ခံဆေးသုတ်လိမ်းပြီး အပေါ်မှသစ်သားများကာရံဆောင်ရွက်ရန်၊ ဝေါပေါင်လုံးအရှည်ကို ပုရပိုက်ပါအတိုင်းအတာ အတိုင်းဆောင်ရွက်ရန်၊ ဝေါကြီးရိပ်ဝှဲပုံစံတူပြသပြီးပါက ဘေးတွင် ပွတ်လုံးတိုင်အရံအတား ပြုလုပ်ထားရှိရန်၊ ရွှေတိုက်ဆောင်အုတ်နံရံဆေးများအား ညီညာအောင်ဆေးသုတ်ရန်၊ မှန်နန်း ဆောင်တွင်ထားရှိသည့် ထီးတိုင်ဒေါက်အား ဆေးပြန်လည်သုတ်ရန်၊ မှန်နန်းဆောင် အိပ်ဆောင် ခန်းတွင် ပြသထားသည့် ယပ်ရိုးရှည်အား အကြီးပြုလုပ်ပေးရန်နှင့် သလွန်အောက်ခံ ကတ္တီပါ ကော်ဇောအား လဲလှယ်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရွှေနန်းတော်ကျောင်းသို့ရောက်ရှိပြီး ရှေးဟောင်းသစ်သားဘုန်းတော်ကြီးကျောင်းဖြစ်သည့် အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများ၊ ငလျင်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် လှေကား(၅)စင်း ပြုပြင်ထိန်းသိမ်းမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။ ဒုတိယဝန်ကြီးက ရွှေနန်းတော်ကျောင်းဘုရားခန်းရှိ ဆင်းတုတော်နေရာကိုသာ အလင်းရောင်ရရှိ စေရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတွင် ကိန်းဝပ်စံပယ်တော်မူသော စူဠာမုနိရုပ်ရှင်တော်မြတ်အား ဖူးမြော်ကြည်ညိုကာ ဂေါပကအဖွဲ့အား နဝကမ္မအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား ထိခိုက်ပျက်စီးမှု များကိုလည်းကောင်း၊ နန်းမြေဘုံသာ စံနန်းတော်ရာ စန္ဒာမုနိဘုရားနှင့် ဂန္ဓကုဋီတိုက်တို့၏ ထိခိုက်ပျက်စီးမှုများကို ဂေါပကအဖွဲ့မှ အများပြည်သူလှူဒါန်းမှုဖြင့် ဆောင်ရွက်နေစဉ် ဘုရားနှင့် ဗုဒ္ဓရုပ်ပွားတော်အကြား ယခင် ကနောင်မင်းသား အုတ်ဂူတည်ရှိသည့်နေရာတွင် ဘုရားပြုပြင်ရန် မြေကျင်းတူးရာမှ ကျင်းအတွင်း၌ အောက်ခံဖန်ကလပ်ပေါ်တွင် အဖုံးပါ ငွေဖရုံတုံးပုံစံ အိုးအတွင်း လူအရိုးအိုးဟု ယူဆရသော အရိုးစအနည်းငယ်နှင့် အံသွား(၁)ချောင်းတို့ကို တွေ့ရှိခဲ့သည့် နေရာတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ရာ ဂေါပကအဖွဲ့က ရှင်းလင်းတင်ပြကြပါသည်။ ဒုတိယဝန်ကြီးက စန္ဒာမုနိစေတီတော်အား မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းသွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ နေ့လယ်ပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲ ဝန်ထမ်းအိမ်ရာဖြစ်သည့် ပယ်ပုံတော်ဝင်းသို့ရောက်ရှိပြီး အမရပူရမြို့နန်းတည် ဘိုးတော် ဘုရားခေါ် ဗဒုံမင်းသည် နိုင်ငံတော်အတွင်း ဒေသဌာနကိုလိုက်၍ လယ်ယာမြေနှင့် သက်ဆိုင် သောကိစ္စရပ်များတွင် ဘုရင်မင်းမြတ်ပိုင်ဆိုင်သည့်မြေကို မင်းပယ်နှင့် တိုင်းတာသတ်မှတ်၍ ပြည်သူပြည်သား(ဆင်းရဲသား)များ ပိုင်ဆိုင်သည့်မြေကို ပကတိပယ်ဖြင့်တိုင်းတာသတ်မှတ်သည့် ကျောက်စာရုံများ ထိန်းသိမ်းထားမှုများကို ကြည့်ရှုစစ်ဆေးခြင်း၊ အောင်ဇေယျရိပ်သာ၊ စစ်ကိုင်း ဆောင်၊ ဟံသာဝတီဆောင်၊ မန္တလေးဆောင်၊ ဟန်လင်းဆောင်၊ ဗိဿနိုးဆောင်၊ အမရပူရဆောင်၊ တကောင်းဆောင်၊ သရေခေတ္တရာဆောင်တို့၏ ငလျင်ကြောင့်ထိခိုက် ပျက်စီးခဲ့မှုများကို ကြည့်ရှု စစ်ဆေးခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကြေးမြင်ကျောင်း ပြန်လည် တည့်မတ်ခြင်း၊ သွပ်အဟောင်းများ ပြန်လည်အစားထိုးပြုပြင်ခြင်းနှင့် ရေတံလျှောက်ပြန်လည် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်းကောင်း၊ အက္ကပတ်မြင်းဝန်ကျောင်း ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။ ဒုတိယဝန်ကြီးက အက္ကပတ်မြင်းဝန်ကျောင်းရှိ ညောင်ပင်များအား ဆေးထိုး၍ အပင်သတ်ရန်နှင့် အန္တရာယ်ရှိသော အပေါ်မုခ်ခုံးများကိုထိန်းသိမ်းရေး အမြန် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ကျောင်းထိုင်ဆရာတော်အား နဝကမ္မ ဝတ္ထုငွေများ ကပ်လှူခဲ့ကြောင်း သတင်းရရှိပါသည်။
![]()