သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ၂၄-၁၂-၂၀၂၅ ရက်နေ့တွင် ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် မဟာမင်းထင်ကျောင်းကို ကြည့်ရှုစစ်ဆေးခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က ရှင်းလင်းတင်ပြပါသည်။ ဒုတိယဝန်ကြီးက ရှေးဟောင်းသစ်သား ဘုန်းတော်ကြီးကျောင်းဖြစ်ပြီး အနုလက်ရာများကျန်ရှိသည့်ကျောင်းဖြစ်သည့်အတွက် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် ကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် အင်းဝဒေသရှိ မောင်အိုအုတ်လမ်းသို့ရောက်ရှိရာ မောင်အိုအုတ်လမ်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက ဆောင်ရွက်နေသော မူလအုတ်လမ်း ကြမ်းခင်းပေါ်ရန် အပေါ်မှမြေသားများဖယ်ရှား၍ လမ်းခင်းခြင်းလုပ်ငန်းနှင့် ၁၀ ပေအကျယ် ၃ ပေ အနက် မြေသားမြောင်းတူးခြင်းလုပ်ငန်းကိုလည်းကောင်း၊ ရွှေလင်းသစ်ကုမ္ပဏီက ဆောင်ရွက် နေသည့် မှန်ကူကွက်များတွင် အုတ်အစားထိုးဖြည့်စီ၍ အချောကိုင်ခြင်းလုပ်ငန်းများကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။
ဒုတိယဝန်ကြီးက မှန်ကူကွက်များကို ညီညာအောင်ဆောင်ရွက်ပေးရန်၊ အနားစွန်း များတွင် ပဲ့နေသည်များကို အချောသတ်ပေးရန်နှင့် အမြင်ကွယ်နေသော သစ်ပင်များအား ရှင်းလင်းပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းဝရှေးဟောင်းသုတေသနပြတိုက်ရှိ အနီရောင်အဆင့် သတ်မှတ်ထားသည့် အဆောင် A နှင့် အဆောင် C ထိခိုက်ပျက်စီးမှုကို ကြည့်ရှုစစ်ဆေးခြင်း၊ မယ်နုအုတ်ကျောင်း ထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။
ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းဝဗားကရာ သစ်သားဘုန်းတော်ကြီးကျောင်းကို ကြည့်ရှု စစ်ဆေးခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။ ဒုတိယဝန်ကြီးက အန္တရာယ်ရှိသော အုတ်တံတိုင်းအား အမြန်ဆောင်ရွက်ရန်၊ စောင်းနေသော ပြာသာဒ်ဆောင်များ ကို ပြန်လည်တည့်မတ်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် လောကသရဖူဘုရား ထိခိုက်ပျက်စီးမှုများကို ကြည့်ရှု စစ်ဆေးခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် ဂေါပကအဖွဲ့တို့က ရှင်းလင်းတင်ပြကြပါသည်။ ဒုတိယဝန်ကြီးက ငလျင်ကြောင့် ပြိုကျခဲ့သော ဂန္ဓာကုဋီတိုက်အား အသစ်ပြန်လည်ဆောက်လုပ်ပါက Steel Structure အသုံးမပြုရန်နှင့် တောင်သမန်ကျောက်တော်ကြီးဘုရားရှိ နံရံဆေးရေးပန်းချီ အထောက်အထား အတိုင်းဆောင်ရွက်ရန်၊ ဘုရားဝင်းထဲတွင် ထေရဝါဒဗုဒ္ဓသာသနာတော်နှင့် မအပ်စပ်သည့် ရုပ်တု များကို ထပ်မံတိုးပွားခြင်းမပြုလုပ်ရန်၊ ရဲလောင်း(ဆွမ်းလောင်းဇရပ်)တွင်ထားရှိသော ဗုဒ္ဓဘာသာနှင့် မအပ်စပ်သည့်ရုပ်တုများကို ဖယ်ရှားပေးရန်လမ်းညွှန်မှာကြားခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိပါသည်။
![]()