သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်မဟာဝိဟာရကျောင်းတိုက်၌သီတင်းသုံးလျက်ရှိသောသံဃာတော်များအားအသည်းရောင်အသားဝါ (ဘီ)ပိုး၊ (စီ)ပိုးရှိ၊မရှိစစ်ဆေးပေးနေမှုနှင့် (ဘီ)ပိုးကာကွယ်ဆေးထိုးနှံပေးမှုကြည့်ရှုအားပေးပြီးဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့်ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)တို့အားကြည့်ရှုစစ်ဆေး

သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် (၉:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မဟာဝိဟာရကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိသော သံဃာတော်များအား အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း(မြန်မာ)နှင့် Trust Alliance Company တို့ပူးပေါင်း၍ ပထမအကြိမ် အသည်းရောင် အသားဝါ(ဘီ)ပိုး၊ (စီ)ပိုးစစ်ဆေးခြင်းနှင့် ဘီပိုးကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ဆရာတော်များအား ဖူးမြော်ကြည်ညို၍ သံဃာတော်များ ဆေးထိုးနှံနေမှုကို ကြည့်ရှု အားပေးသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဟာဝိဟာရကျောင်းတိုက် စာချနာယက ဆရာတော်တို့အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်နှင့် အဖွဲ့သည် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)နာယက ဒုတိယဗိုလ်​ချုပ်ကြီးအောင်သန်းထွဋ်(ငြိမ်း)၊ ဥက္ကဋ္ဌ ပါမောက္ခဆရာဝန်ကြီး ဦးကျော်စိုးထွန်း ဦးစီး၍ အသည်းအထူးကုဆရာဝန်ကြီးများ သူနာပြုများနှင့် Trust Alliance Company မှတာဝန်ရှိသူများ၊ကျန်းမာရေးဝန်ကြီးဌာန လှည်းကူး​မြို့နယ် ပြည်သူ့ဆေးရုံနှင့် ကျန်းမာရေးဌာနတို့မှ ဆရာဝန်၊ ဆရာမများက ဆရာတော်၊ သံဃာတော်အပါး ၇၀၀ အား အသည်းရောင် အသားဝါ(ဘီ)ပိုး၊ (စီ)ပိုးရှိ၊ မရှိ စစ်ဆေးပေးနေမှုနှင့် (ဘီ)ပိုးကာကွယ်ဆေး ထိုးနှံပေးနေမှုတို့ကိုလှည့်လည်ကြည့်ရှုအားပေးသည်။

  ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း (မြန်မာ)သို့ အလှူငွေ ပေးအပ်လှူဒါန်းရာ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်း ရောဂါဖောင်ဒေးရှင်း(မြန်မာ) နာယကနှင့် ဥက္ကဋ္ဌပါမောက္ခဆရာဝန်ကြီးတို့က လက်ခံရယူကြသည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းရေးနှင့် ခင်းကျင်းရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသည် ယနေ့နံနက်(၁၁:၀၀) နာရီအချိန်တွင် အမှတ်(၂၅)၊ ဗိုလ်ချို(၁) ရပ်ကွက်၊ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ရာ ယာယီရှင်းလင်းဆောင်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် အင်ဂျင်နီယာချုပ်များက ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သည် နှစ်ပေါင်း (၁၀၀)ကျော် ကြာမြင့်ပြီဖြစ်သည့် ရှေးဟောင်းအဆောက်အအုံဖြစ်သည့်အားလျော်စွာ နိုင်ငံတော်ယာယီသမ္မတ ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရှေးမူမပျက် အကြီးစားပြုပြင်ထိန်းသိမ်းသွားရန် ညွှန်ကြားချက်နှင့်အညီ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား အသေးစိတ်ဂရုတစိုက် ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ အဆောက်အအုံပိုင်းကိုသာမက ခြံဝင်းအတွင်း ပြုပြင်ဆောင်ရွက်မှုများ ရေ၊ မီး၊ ဆေး သာယာ လှပရေး ဆောင်ရွက်မှုများကိုလည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဗိုလ်ချုပ်‌အောင်ဆန်းပြတိုက် (ရန်ကုန်) ရှေးမူမပျက် ပြုပြင် ထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေးနှင့် ခင်းကျင်း ပြသ‌ရေး လုပ်ငန်း‌ ကော်မတီ အစည်းအဝေးကျင်းပခဲ့မှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကိုလည်း ကောင်း၊ နည်းပညာဆိုင်ရာ ကြီးကြပ်ရေးပညာရှင်အဖွဲ့ ဖွဲ့စည်းခဲ့ခြင်းနှင့် အစည်းအဝေး ကျင်းပခဲ့ခြင်း ကိုလည်းကောင်း၊ နည်းပညာဆိုင်ရာ ကြီးကြပ်ရေးပညာရှင်အဖွဲ့၏ အကြံပြုချက်များ အရ အသေးစိတ်လုပ်ငန်းများအလိုက် အကြံပေးရေးဆပ်ကော်မတီများ ဖွဲ့စည်းပေးခဲ့ခြင်း၊ ဆပ်ကော်မတီ အလိုက် ကွင်းဆင်းကြည့်ရှုပြီး ဆွေးနွေးညှိနှိုင်းခြင်းများဆောင်ရွက်ကာ နည်းပညာ ဆိုင်ရာ အကြံပေးမှုများအတိုင်း လုပ်ငန်းဆောင်ရွက်နေမှုတို့အား ရှင်းလင်းတင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအားလည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော မော်တော်ယာဉ်အား Htoo Auto Service နှင့် ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ ပြုပြင် ထိန်းသိမ်းမှုနှင့် စမ်းသပ်မောင်းနှင်မှုများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)သို့ ရောက်ရှိစစ်ဆေးခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိူသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံ‌ရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရန်ကုန်တိုင်း‌ဒေသကြီးခရီးစဉ်များအတွင်း လမ်းညွှန်မှာကြားချက်များနှင့် ပတ်သက်၍ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)ရှိ တိုင်းကျိုးပြည်ပြုလွှတ်တော် အဆောက်အအုံ အတွင်း ခင်းကျင်းပြသထားသည့် သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ စာပေအထောက်အထားများ၊ အာဇာနည်များ၏ သမိုင်းမှတ်တမ်းအထောက်အထားများအား ခေတ်မီနည်းပညာအသုံးပြု၍ ကြည်လင်ပြတ်သားမှုရှိစေရေး ဆောင်ရွက်ပြီး ခင်းကျင်းပြသထားမှုကို လည်းကောင်း၊
ဗိုလ်ချုပ်အောင်ဆန်း ရုံးထိုင်သည့်နေရာအား မူလအတိုင်းခင်းကျင်းထားရှိမှုနှင့် ရှေးဟောင်း သမိုင်းဝင်အဆောက်အအုံ ဖြစ်သည့်အတွက် ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ မူလလက်ရာအတိုင်း စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းမှုများကို စစ်အင်ဂျင်နီယာ နှင့်  ပူးပေါင်း‌ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြရာ  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Loading