အနုပညာအထက်တန်းကျောင်း(ရန်ကုန်)၊၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်တန်းဆင်းပွဲ အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံတက်ရောက်အမှာစကား ပြောကြားခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ် ၁၃:၀၀ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပသော အနုပညာ အထက်တန်းကျောင်း(ရန်ကုန်)၊ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ် သင်တန်းဆင်း အောင်လက်မှတ် ပေးအပ်ပွဲနှင့် စွမ်းရည်ပြပဒေသာကပွဲသို့ တက်ရောက်ချီးမြှင့်၍ ပန်းချီပန်းပုဌာနမှ သင်တန်း ဆင်းကြမည့် ကျောင်းသား၊ကျောင်းသူများ၏ လက်ရာမွန်ပန်းချီပန်းပုပြခန်းအား လှည့်လည် ကြည့်ရှုခဲ့ပြီး သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ပွဲအခမ်းအနားတွင်  အမှာစကား ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်အားပေးခဲ့ပါသည်။

          ဒုတိယဝန်ကြီးက ယနေ့အခမ်းအနားသည် အနုပညာအထက်တန်းကျောင်း(ရန်ကုန်)၏ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် အဆို၊ အတီး၊ အက ပန်တျာ ဘာသာရပ်များနှင့် ပန်းချီပန်းပု ဘာသာရပ်များကို အခြေခံပညာကျောင်းသင် စာပေပညာရပ်များနှင့် တွဲဖက်သင်ကြားခြင်းနှင့်အတူ (၃)နှစ်တာကာလအတွင်း ပညာသင်ကြားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ မောင်မယ်များ၏ ကျောင်းဆင်းပွဲအခမ်းအနားဖြစ်သကဲ့သို့၊ ကျောင်းသားကျောင်းသူများ၏ အနုပညာစွမ်းရည်များ၊ ကျောင်းဆင်းလက်ရာမွန်များကို ဖော်ညွှန်းပြသည့်ပွဲဖြစ်သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက် မိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏မျက်နှာစာသည် ယဉ်ကျေးမှုဖြစ်ပါကြောင်း၊ နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ ယဉ်ကျေးမှုကို ထာဝစဉ်ထိန်းသိမ်းမြှင့်တင်လျက်ရှိကြပါကြောင်း၊ ယဉ်ကျေးမှုဆိုသည့်အရာသည် ကိုးကွယ်ယုံကြည်မှုကို အခြေပြုပြီးဖွံ့ဖြိုး တိုးတက်လာကာ သက်ဆိုင်ရာ အရပ်ဒေသအလိုက် အစဉ်အဆက်ကျင့်သုံးသည့် ဓလေ့ထုံးတမ်းများလည်း ပါဝင်ပါကြောင်း၊ လူတို့မွေးဖွားသည်မှ ကွယ်လွန်သည်အထိ နေ့စဉ်ကြုံဆုံဖြတ်သန်းရသမျှ ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးစလုံးနှင့် သက်ဆိုင်သည့် အရာများသည် ယဉ်ကျေးမှုဖြစ်ပါကြောင်း၊ ထိုအထဲတွင်စာပေ၊ ဂီတ၊ သဘင်၊ ပန်းချီပန်းပု အစရှိသော အနုသုခုမပညာရပ်များလည်း ပါဝင်လျက်ရှိနေပါကြောင်း၊ လွတ်လပ်ပြီးစ မြန်မာနိုင်ငံတော်ကြီးကို စတင်ထူထောင်ခဲ့သည့်ချိန်မှ ယနေ့မျက်မှောက်ကာလအထိ အဆင့်ဆင့် တာဝန်ယူခဲ့ကြသည့် ပုဂ္ဂိုလ်များသည် တိုင်းပြည်၏ အကျိုးအတွက် အမြော်အမြင်ကြီးစွာ ရည်မှန်းချက်ထား၍ ယဉ်ကျေးမှုဝန်ကြီးဌာနကို စတင်ဖွဲ့စည်းခြင်းနှင့်အတူ ၁၉၅၂ ခုနှစ်တွင် ပန်တျာနှင့် ပန်းချီပန်းပုကျောင်း(ရန်ကုန်)ကိုလည်းကောင်း၊ ၁၉၅၃ ခုနှစ်မှာ ပန်တျာနှင့် ပန်းချီပန်းပု ကျောင်း(မန္တလေး) တို့ကိုလည်းကောင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း။ ယနေ့အထိလည်း စဉ်ဆက်မပြတ် ထောက်ပံ့ကူညီလျက်ရှိပါကြောင်း၊ယခုဆိုလျှင် ကျောင်း၏သက်တမ်းသည် နှစ်ပေါင်း ၇၄ နှစ်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ကျောင်းတော်ကြီးကို စတင် ဖွင့်လှစ်စဉ်က အနုပညာဘာသာရပ် တစ်ခုထဲကို ဦးစားပေးသင်ကြားရာမှ တိုးတက်ပြောင်းလဲလာသည့် ခေတ်ကာလနှင့်လျော်ညီအောင် ၂၀၁၀ ပြည့်နှစ်တွင် ပန်တျာနှင့် ပန်းချီပန်းပုကျောင်းများကိုပေါင်း၍ အနုပညာအထက်တန်း ကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများအား စိတ်အေးချမ်း လုံခြုံစွာ ပညာသင်ကြားနိုင်ရန် အခြေခံလိုအပ်ချက်များဖြစ်သည့် ကျောင်းအဆောက်အဦများမှစ၍ အဆင့်မီအောင် တိုးမြှင့်တည်ဆောက် ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ကျောင်းတော်ကြီးမှ အနုပညာ အစဉ်အလာကြီးမားသည့် အဆို၊ အတီး၊ အကပညာရှင်၊ ပန်းချီပညာရှင် အကျော်အမော်များ သာမက စာပေပညာရှင်၊ တေးရေးပညာရှင် အကျော်အမော်များကိုပါ မွေးထုတ်ပေးနိုင်ခဲ့သည် မှာလည်း ကျောင်းတော်ကြီး၏ ကောင်းမြတ်သည် အစဉ်အလာတစ်ရပ် ဖြစ်ပါကြောင်း၊ အနုပညာ ဆိုသည့်စကားရပ်သည် ပြေပြစ်ခြင်း၊ သိမ်မွေ့ခြင်း၊ သာယာနာပျော်ဖွယ် ဖြစ်ခြင်းဟူ၍ ဖွင့်ဆို ခဲ့ကြပါကြောင်း၊ အနုပညာရှင်များအနေနှင့်  နူးညံ့သိမ်မွေ့ ဂုဏ်ဒြပ်ရှိသော အနုပညာရပ်များကို ဖော်ထုတ်ဖန်တီးနေကြရသော်လည်း ဖန်တီးသူများ၏ နှလုံးသားသည် ကြံ့ခိုင်သန်မာသော စိတ်ဓာတ်ခွန်အားများ ရှိနေကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်က အချိန်အား၊ လူအားနှင့် ဓနငွေကြေးအင်အား များစွာ အကုန်အကျခံ၍ မောင်တို့မယ်တို့ကို ပြုစုပျိုးထောင်ပေး၍ ဖြစ်ပါကြောင်း၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် သင်တန်းဆင်းကြမည့် ကျောင်းသား ကျောင်းသူများမှာ ပန်တျာသင်တန်းမှ ၁၀ ဦး၊ ပန်းချီပန်းပု သင်တန်းက ၁၈ ဦး၊    စုစုပေါင်း  ၂၈ ဦး ဖြစ်ပါကြောင်း၊   နိဂုံးချုပ်အနေနဲ့ ပြောကြားလိုသည်မှာ  ယနေခေတ်သည် ပညာခေတ်၊ နည်းပညာခေတ်ဖြစ်သည့်အတွက် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသော နည်းပညာရပ်များကိုလည်း မျက်ခြေမပြတ် လေ့လာ၍ မိမိတို့၏ရှိပြီးဖြစ်သော အနုပညာရပ်များကိုလည်း မျက်ခြေမပြတ်လေ့လာ၍ မိမိတို့၏အနုပညာရပ်များနှင့်ပေါင်းစပ်၍ ရိုးရာအနုပညာရပ်များကို ထိန်းသိမ်းမြှင့်တင်သွားရန် ဖြစ်ပါကြောင်း၊ မိမိတို့သင်ယူတတ်မြောက်ထားသော ပညာရပ်များအပြင် အဆင့်ဆင့်ပြောင်းလဲ တိုးတက်နေသော ဆက်စပ်ပညာရပ်များကိုပါ ဆည်းပူးလေ့လာ၍ အနုပညာရပ်များ ထာဝရရှင်သန်စေရန် ဆောင်ရွက် နိုင်မည့် အနုပညာရှင်များဖြစ်ရန် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်နိုင်ကြစေလိုကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။          

ဆက်လက်၍ ဒုတိယဝန်ကြီးသည် သင်တန်းဆင်းကြမည့် ကျောင်းသား၊ကျောင်းသူ ၂၈ ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်၍ ပန်တျာဌာနမှ ကျောင်းဆင်းစွမ်းရည်ပြပဒေသာကပွဲအား အားပေးကြည့်ရှုခဲ့ကြောင်းသတင်းရရှိပါသည်။

Loading