ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ရွှေဘုံသာ လမ်းထောင့်၊ အိန္ဒိယယဉ်ကျေးမှုစင်တာတွင် မတ်လ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီ၌ အိန္ဒိယ-ရခိုင် သမိုင်းကြောင်း ဆက်နွှယ်မှု စာအုပ်မိတ်ဆက်ပွဲနှင့် ဓာတ်ပုံပြပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur နှင့် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ဥက္ကဋ္ဌ ဦးသန်းမောင်နှင့် အဖွဲ့ဝင်များ၊ ရန်ကုန်မြို့ရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ၊ ရခိုင် မျိုးနွယ်စုဝင်များဖြစ်သည့် ဒိုင်းနက်၊ သက်၊ မြို၊ ခမီ၊ မရမာကြီးနှင့် ကမန် လူမျိုး တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဂုဏ်သရေရှိ ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြသည်။
အိန္ဒိယ – ရခိုင် သမိုင်းကြောင်းဆက်နွှယ်မှု ဓာတ်ပုံပြပွဲအခမ်းအနားကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur၊ ဩစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး (ငြိမ်း)၊ ဦးသာအောင်ညွန့်၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ဥက္ကဋ္ဌ ဦးသန်းမောင်၊ ရခိုင် ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး အကယ်ဒမီ ဦးအောင်လွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပြီး ဓာတ်ပုံပြပွဲကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက်ဆက်လက်၍ အိန္ဒိယ – ရခိုင် သမိုင်းကြောင်းဆက်နွှယ်မှု စာအုပ် မိတ်ဆက်ပွဲကို အိန္ဒိယ ယဉ်ကျေးမှုစင်တာခန်းမတွင် ကျင်းပရာ ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ဖွင့်ပွဲ အမှာစကားပြောကြားရာတွင် ယခုပြပွဲသည် အိန္ဒိယနှင့် ရခိုင်ပြည်သူများအကြား ဆက်ဆံရေးသည် ရာစုနှစ်များစွာကတည်းက ကူးသန်းရောင်းဝယ်ရေးနှင့်အတူ အတွေးအခေါ်၊ စာပေ၊ အနုပညာ၊ ကုန်သွယ်ရေး ငွေကြေးဒင်္ဂါးများသာမက ဗုဒ္ဓဘာသာ အဆုံးအမများပါ ရောက်ရှိ ပျံ့နှံ့ခဲ့ကြောင်း၊ ဓညဝတီနှင့် ဝေသာလီတို့ကဲ့သို့ ရခိုင် ရှေးဟောင်း မြို့တော်များမှ တွေ့ရှိရသည့် ကမ္ပည်းစာများ၊ အနုပညာလက်ရာများနှင့် ဓလေ့ထုံးစံများသည် အိန္ဒိယယဉ်ကျေးမှု၏ လွှမ်းမိုးမှုကို သက်သေ ပြနေပါကြောင်း၊ ရခိုင်ဒေသရှိ ကျောက်ထွင်း ပန်းပုနှင့် ဗိသုကာ လက်ရာများသည်လည်း ထိုကူးလူး ဆက်ဆံမှု၏ ပြယုဂ်များဖြစ်ပါကြောင်း၊ ယခုကာလတွင် စစ်တွေဆိပ်ကမ်း ဖွင့်လှစ်နိုင်ခဲ့ခြင်း ကြောင့်လည်း မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်ရေး အကျိုးကျေးဇူး ရရှိသည့်အတွက် အိန္ဒိယအစိုးရကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် ဤပြပွဲနှင့် စာအုပ် မိတ်ဆက်ပွဲ ဖြစ်မြောက်အောင်မြင်ရေးအတွက် ပံ့ပိုး ပေးသော မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို ကျေးဇူးတင် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur ကလည်း ရခိုင်-အိန္ဒိယ သမိုင်း ကြောင်းဆိုင်ရာ ဆက်ဆံရေးကို မီးမောင်းထိုးပြသည့် ဓာတ်ပုံပြပွဲနှင့် စာအုပ် မိတ်ဆက်ပွဲသည် စာပေ၊ အနုပညာ၊ ငွေကြေးဒင်္ဂါးများကို လေ့လာနိုင်သဖြင့် လွန်စွာတန်ဖိုး ရှိလှသည့် ပွဲဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ရှည်လျားစွာ နယ်နမိတ်ထိစပ်ခြင်းသည် မြန်မာနိုင်ငံအတွက် အနီးကပ် ကူညီမှု အမြန်ဆုံးပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါကြောင်း အမှာစကား ပြောကြား ခဲ့ပါသည်။
ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ဥက္ကဋ္ဌ ဦးသန်းမောင်က ယနေ့မိတ်ဆက်သော စာအုပ်အကြောင်း မိတ်ဆက်ပြောကြားခဲ့ပါသည်။
ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)အဖွဲ့မှ အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur သို့ ဂုဏ်ပြုလက်ဆောင်ပေးအပ်ပါသည်။ ဆက်လက်၍ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ဂုဏ်ထူးဆောင် နာယကဖြစ်သော ဒေါ်နုမြဇံ၊ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က အိန္ဒိယ-ရခိုင် သမိုင်းကြောင်းဆက်နွှယ်မှု စာအုပ်ကို အိန္ဒိယသံအမတ်ကြီးအား ပေးအပ်ခဲ့ပါသည်။
ထို့နောက် ရခိုင်နှင့် အိန္ဒိယ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကာ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
![]()