သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ၃၅ ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေး (The 35th Meeting of the ASEAN Socio-Cultural Community (ASCC) Council) သို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထား သည့် ဖိလစ်ပိုင်နိုင်ငံမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊ Makati မြို့၌ ကျင်းပခဲ့သည့် ၃၅ ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်းအဝေး (The 35th Meeting of the ASEAN Socio-Cultural Community (ASCC) Council) သို့  တက်ရောက်ပြီး ၇.၃.၂၀၂၆ ရက်နေ့ ညပိုင်း (၁၈ : ၃၀) နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

          အစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ  အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက် အဝန်းကောင်စီဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊  အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် အာဆီယံနိုင်ငံများမှ  ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို အဓိကရည်ရွယ်၍ အာဆီယံ ပြည်သူ များအားလုပ်ပိုင်ခွင့်တာဝန်ပေး၍ စုပေါင်းတာဝန်ရှိမှုကို ဦးစားပေးကဏ္ဍအဖြစ် ဆောင်ရွက်ရာ၌ အပြုသဘောဆောင်သည့် အားလုံးအတွက် အကျိုး ရှိမည့် ဖွံ့ဖြိုးတိုးတက်မှု ကြံ့ကြံ့ခံမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို ဆောင်ရွက်ရေး၊ ကြံ့ကြံ့ခံ နိုင်ရည်ရှိပြီး စွမ်းဆောင်ရည်ရှိသည့် အာဆီယံ၏ မိသားစုဝင်များဖြစ်လာအောင် ဦးစား ပေးဆောင်ရွက်ရေး၊ ခိုင်မာသည့် လူမှုကာကွယ် စောင့်ရှောက်ရေးနှင့်  ကူညီပံ့ပိုးမှု စနစ်များ ရရှိရေး၊ ‘အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှု’ (Inclusive Development) ကို တစိုက်မတ်မတ် အလေးအနက်ထားပြီး အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ထူးချွန်ထက်မြက်ပြီး တီထွင် ဆန်းသစ်မှုရှိသည့် လူငယ်များ (Smart Youth and Innovation) ကို မွေးထုတ်ပေးရေး၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့် အနာဂတ်တွင် လုံခြုံစိတ်ချရသည့် အစားအသောက်များ ရရှိရေးတို့အတွက် ဦးစားပေး လုပ်ငန်းစဉ်များ သတ်မှတ်၍ ရည်ရွယ် ကျင်းပခြင်းဖြစ်ပါသည်။

          ဒုတိယဝန်ကြီးဒေါ်နုမြဇံဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၃.၃.၂၀၂၆ ရက်နေ့တွင်           ဖိလစ်ပိုင်နိုင်ငံ၊ Makati မြို့သို့ ရောက်ရှိခဲ့ပြီး Peninsula Manila Hotel ၌ ကျင်းပပြုလုပ်သည့် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ အလုပ်သဘော ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

          မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးသည် ၄.၃.၂၀၂၆ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံမှ လက်ခံကျင်းပသည့် အာဆီယံ လူမှုယဉ်ကျေးမှုအသိုက်အဝန်း အဆင့်မြင့်ဖိုရမ် (၂၀၂၆) (ASEAN Socio-Cultural Community High-Level Forum 2026)သို့ တက်ရောက် ခဲ့ပါသည်။ အဆိုပါ ဖိုရမ်တွင် Panel နှစ်ခုဖြင့် ဆွေးနွေးမှုများ ပါဝင်ရာ ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံ ကိုယ်စားပြု ဆွေးနွေးသူအဖြစ် ယဉ်ကျေးမှု၊ စံတန်ဖိုးထားမှုများနှင့် လူမှု သဟဇာတဖြစ်မှုသည် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများမှ တစ်ဆင့် အာဆီယံ၏ လူမှု ပေါင်းစည်းယှက်နွယ်မှုကို ခိုင်မာစေခြင်းခေါင်းစဉ် (Culture, Values, and Social Harmony: Strengthening ASEAN’s Social Fabric through Cross – Sectoral engagement) ကို ဆွေးနွေးပြောကြားခဲ့ပြီး Statement ကြေညာချက်ကို အခြားအာဆီယံ နိုင်ငံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဝန်ကြီးများနှင့်အတူ လက်ခံခဲ့ပါသည်။ ညနေပိုင်းတွင် အာဆီယံ အလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်သည့် ဖိလစ်ပိုင်နိုင်ငံ၊  အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးမှ တည်ခင်းသည့် ကြိုဆိုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။                        

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်သည် ၅.၃.၂၀၂၆ ရက်နေ့တွင် ၃၅ ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်းအဝေး (The 35th Meeting of the ASEAN Socio-Cultural Community (ASCC) Council) သို့ တက်ရောက်ခဲ့ပြီး အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်း၏ မဟာဗျူဟာလားရာနှင့် စပ်လျဉ်း၍ နိုင်ငံအလိုက်အမြင်သဘောထားများကို ဆွေးနွေးပြောကြားရာ၌ မြန်မာနိုင်ငံ၏ အမြင်သဘောထားများကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ညနေပိုင်းတွင် National Museum of Natural History ၌ အာဆီယံအလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်သည့် ဖိလစ်ပိုင် နိုင်ငံ၊  အာဆီယံ လူမှု – ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးမှ တည်ခင်းသည့် ဂုဏ်ပြု ညစာစားပွဲ အခမ်းအနား၌ ဖိလစ်ပိုင်ရိုးရာတေးဂီတဖျော်ဖြေမှုများနှင့်အတူ ဧည့်ခံကျွေးမွေး သည်ကို တက်ရောက်ခဲ့ပါသည်။ ဂုဏ်ပြုညစာစားပွဲ မတိုင်မီ ဒုတိယဝန်ကြီးသည် National Museum of Natural History ၏ ပြခန်းများအား ပြတိုက်တာဝန်ရှိသူများက ရှင်းလင်းပြသ သည်ကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ညစာစားပွဲအပြီးတွင်  ဖိလစ်ပိုင်နိုင်ငံ အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးက အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အာဆီယံ လူမှု- ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးများထံသို့ ဖိလစ်ပိုင်နိုင်ငံ၏ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

          ဒုတိယဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၆.၃.၂၀၂၆ ရက်နေ့တွင် ယဉ်ကျေးမှုလေ့လာရေးခရီးစဉ် (Culture Visit) အဖြစ် ယဉ်ကျေးမှုအမွေအနှစ် နေရာများ ဖြစ်သည့် Fort Santiago, Rizal Park နှင့် Intramuros များသို့ သွားရောက် လေ့လာခဲ့ပါသည်။

          ဒုတိယဝန်ကြီးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ်လ (၇) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံမှ ပြန်လည်ထွက်ခွာလာခဲ့ပြီး ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်းသတင်းရရှိသည်။

Loading