အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဇန်နဝါရီလ(၂၄) ရက်နေ့မှ (၂၅) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက်ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓညီလာခံသို့ တက်ရောက်ရန် အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဒေါ်နုမြဇံဦးဆောင်၍ အနုပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာလဲ့လဲ့အောင် နှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါက်တာ သန္တာဝင်းတို့က အဖွဲ့ဝင်အဖြစ်လိုက်ပါသည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၂၃) ရက်နေ့တွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပြီး ဇန်နဝါရီလ (၂၆) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။
ဤညီလာခံသည် ကမ္ဘာ့နိုင်ငံပေါင်း(၄၀)ကျော်မှ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဓိပတိဆရာတော်ကြီးများ၊ ရဟန်းသံဃာတော်များ၊ သီလ ရှင်များ၊ နိုင်ငံအသီးသီးရှိ ဗုဒ္ဓတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဗုဒ္ဓဘာသာဆိုင်ရာအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ တက်ရောက်ပါဝင်ဆွေးနွေး ကြသည့် ညီလာခံဖြစ်ပြီး “Collective Wisdom, United Voice and Mutual Coexistence” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
ဒုတိယဝန်ကြီးဒေါ်နုမြဇံဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ (၂၃)ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ရောက်ရှိခဲ့ပြီး ယင်းနေ့မွန်းလွဲပိုင်းတွင် International Buddhist Confederation မှ Director General Mr. Mohijit Halder က ဒုတိယဝန်ကြီးဒေါ်နုမြဇံနှင့် လာရောက်တွေ့ဆုံကာ ဗုဒ္ဓတရားတော်လာလူမှုယဉ်ကျေးမှု ဆိုင်ရာကဏ္ဍများနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးမှုပြုခဲ့ကြပါသည်။
ထို့နောက် ဇန်နဝါရီလ(၂၄) ရက်နေ့တွင် နယူးဒေလီမြို့ရှိ Bharat Mandapan အဆောက်အအုံ၌ ဒုတိယအကြိမ်မြောက်ဗုဒ္ဓညီလာခံဖွင့်ပွဲအခမ်းအနားကို စတင်ကျင်းပခဲ့ရာ ပထမဦးစွာ International Buddhist Confederation ၏ Secretary General ဖြစ်သူ ဆရာတော် Shri Gajendra Khensur Rinpoche Jangchup Choeden ကဦးဆောင်၍ ဆုတောင်းမေတ္တာပို့သကာ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်၍ အိန္ဒိယ နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး H.E Mr. Shri Gajendra Singh Shekhawat က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဂီတ ပညာရှင် Dr. Aditi Sharma Garg က အိန္ဒိယရိုးရာဗျပ်စောင်းကိုတီးခတ်၍ ဓမ္မတေးဂီတဖြင့် ပူဇော်ခဲ့ပါသည်။ ဆက်လက်၍ အိန္ဒိယပါလီမန်ရေးရာနှင့် လူမျိုးစုရေးရာဝန်ကြီး H.E Mr. Shri Kiren Rijiju က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် Ladakh ပြည်နယ် ယဉ်ကျေးမှုအဖွဲ့မှ ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။
ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်ကို စတင်ကျင်းပခဲ့ရာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်(၁) “Collective Wisdom and United Voice for Social Harmony” ခေါင်းစဉ်၌ ပါဝင်ဆွေးနွေးခဲ့ရာတွင် ထေရဝါဒဗုဒ္ဓသာသနာသည် မြန်မာ့လူ့အဖွဲ့အစည်း၏ နေ့စဉ်ဘဝနှင့် စာရိတ္တကို မြှင့်တင်ပေးလျက်ရှိပြီး မြန်မာလူမျိုး အများစု၏ နေ့စဉ်ဘဝတွင် ဒါန၊ သီလ၊ ဘာဝနာတရားများနှင့် ထုံမွှမ်းလျက်ရှိပါကြောင်း၊ နံနက်ခင်းတွင် ရဟန်းသံဃာတော်များအား ဆွမ်းလောင်းလှူခြင်း၊ ဘုန်းတော်ကြီးကျောင်း များသို့ သွားရောက်လှူဒါန်းခြင်း၊ ဘာသာရေးပွဲတော်များ ကျင်းပပြုလုပ်၍ လှူဒါန်း ခြင်းတို့ဖြင့် ဒါနပြုလျက်ရှိကြပါကြောင်း၊ ငါးပါးသီလစောင့်ထိန်းခြင်း၊ မေတ္တာတရားပွား များခြင်း၊ မိမိကိုယ်ကိုနှိမ့်ချခြင်းနှင့် လူမှုတာဝန်များ ကျေပွန်အောင်ဆောင်ရွက်ခြင်းဖြင့် နေ့စဉ်သီလကို စောင့်ထိန်းနေထိုင်ကြပါကြောင်း၊ ဗုဒ္ဓဘာသာဝင် ယောကျ်ားလေး တိုင်းသည် ရှင်သာမဏေပြုကြပြီး သာသနာ့အမွေကို ခံယူလေ့ရှိကြပါကြောင်း၊ ကိုရင်သာမဏေဘဝ နှင့်ပင် စည်းကမ်းလိုက်နာမှု၊ ကျေးဇူးသိတတ်မှုစသည့် စာရိတ္တပိုင်းဆိုင်ရာ၊ အဆုံးအမများ ကိုလည်း ခံယူကြပါကြောင်း၊ တရားဘာဝနာပွားများခြင်းဖြင့်လည်း မိမိကိုယ်ကို ယုံကြည် မှုနှင့် သီလစောင့်ထိန်းမှုတို့ကို တိုးပွားစေပါကြောင်း၊ ဗုဒ္ဓဘာသာကို လေ့လာရာတွင် ပါဠိ ဘာသာသည် အဓိကအခန်းကဏ္ဍက ပါဝင်လျက် ရှိပါကြောင်း၊ ပါဠိသည် မြင့်မြတ်သည့် ဗုဒ္ဓကျမ်းဂန်ဆိုင်ရာဘာသာရပ်တစ်ခုဖြစ်ပါကြောင်း၊ ပိဋကတ်သုံးပုံကို ပါဠိဘာသာဖြင့်သာ ရေးသားထားခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရဟန်းရှင်လူများသည် ဗုဒ္ဓတရားတော်များကို မူရင်းပါဠိဘာသာအတိုင်းသာ လေ့လာသင်ယူကြပါကြောင်း၊ ပထမကြီး၊ ဓမ္မာစရိယနှင့် တိပိဋကစာမေးပွဲများသည် ပါဠိစာပေကျွမ်းကျင်စေပြီး၊ အဓိပ္ပာယ်ပြန်ဆိုရာတွင်လည်း တိကျ မှန်ကန်စေပါကြောင်း၊ ထို့ပြင် ပါဠိစာပေသည် ဗုဒ္ဓ၏တရားတော်များကို လေ့လာပြီး လိုက်နာ ကျင့်သုံးနိုင်ရေးအတွက် လမ်းညွှန်ပေးသည့် တံတားသဖွယ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အေဒီ ၁၁ ရာစုမှစတင်၍ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ စတင်ထွန်းကား ခဲ့ပါကြောင်း၊ ထိုကျောင်းများသည် မြန်မာ့လူ့ အဖွဲ့အစည်း အတွက် အခြေခံဖြစ်သည့် စာရိတ္တဆိုင်ရာလမ်းညွှန်ချက်များနှင့် နီတိများကို သင်ကြားပေးသည့်နေရာတစ်ခုဖြစ် ပါကြောင်း၊ တစ်နည်းအားဖြင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများသည် ဘာသာရေး ဆိုင်ရာကျောင်းအဖြစ်သာမဟုတ်ဘဲ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ပညာရေး၊ လူမှု ဆက်ဆံရေးနှင့် စိတ်ပိုင်းဆိုင်ရာတိုးတက်ရေးတို့အတွက် ထောက်ပံ့လမ်းညွှန်ပေးသည့် နေရာဌာနများဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်သူများအား IBC မှ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓညီလာခံ အထိမ်းအမှတ်တံဆိပ်များ ပေးအပ်ချီးမြှင့် ခဲ့ပါသည်။ ထို့နောက်ညီလာခံသို့ တက်ရောက်လာသော ကမ္ဘာ့ဗုဒ္ဓဘာသာနိုင်ငံအသီးသီးမှ ကိုယ်စားပြုရဟန်းတော်များအားလည်း ညီလာခံအထိမ်းအမှတ်တံဆိပ်များ ဆက်လက်ပေး အပ်ခဲ့ပါသည်။ ပထမနေ့ညီလာခံအပြီးတွင် ဒုတိယဝန်ကြီးသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့်အတူ ညီလာခံအခမ်းအနားဆိုင်ရာခင်းကျင်းပြသမှုများကို ကြည့်ရှုအားပေးခဲ့ ပါသည်။

ဆက်လက်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့ ညီလာခံဒုတိယနေ့တွင် ကျင်းပသည့် စကား ဝိုင်းများသို့တက်ရောက်ခဲ့ပါသည်။ ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓ ညီလာခံသည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များ တက်ရောက်ပါဝင် ဆွေးနွေးကြသည့် ဗုဒ္ဓဘာသာဆိုင်ရာညီလာခံတစ်ရပ်ဖြစ်ပြီး ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားစေရေးအတွက် အရေးပါသည့် အခမ်းအနားတစ်ရပ်လည်းဖြစ်ပါသည်။
ယင်းနေ့ညနေပိုင်းတွင် ဒုတိယဝန်ကြီးဒေါ်နုမြဇံခေါင်းဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ နယူးဒေလီမြို့ Qila Rai Pithora Cultural Complex ရှိမြတ်ဗုဒ္ဓ၏ မွန်မြတ်သောဓာတ်တော် (Piprahwa Relics) အထူးပြပွဲသို့ သွားရောက်လေ့လာကြည်ညိုဖူးမြော်ခဲ့ရာ အိန္ဒိယနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီး ဌာနနှင့် Archaeological Survey of India (ASI) မှ တာဝန်ရှိသူများက လာရောက်ကြိုဆို နှုတ်ဆက်ကာ လိုက်ပါရှင်းလင်းပြသကြပြီး အထိမ်းအမှတ်လက်ဆောင်ပေးအပ်ခဲ့ပါသည်။ ဒုတိယဝန်ကြီးသည် (Piprahwa Relics) အထူးပြပွဲ၏ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
ဒုတိယဝန်ကြီးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှ ပြန်လည်ထွက်ခွာလာခဲ့ပြီး မွန်းလွဲ ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပါ သည်။
![]()