(၂၀၁၅-၂၀၁၆)ခုနှစ်က တူးဖော်ဆောင်ရွက် ခဲ့သော ဟန်လင်း ကမ္ဘာ့အမွေအနှစ်ဒေသရှိ ကုန်းအမှတ်(၃၉)ဟန်လင်းနန်းတော် အရှေ့ဘက်ဝင်ပေါက်နေရာနှင့် ဝင်ပေါက်၏အတွင်း အပြင် တွင် အုတ်ကြမ်းခင်းများ၊ ယင်းအပေါ်တွင် အရွယ်အစားမတူညီသော ကျောက်တုံးအမျိုးမျိုး နှင့် အလျား (၁၂)ပေ၊ အနံ (၆)ပေခန့်ရှိသည့် သဲကျောက်တုံးကြီးအား အက်ကွဲ ရာများနှင့်တကွ တူးဖော် တွေ့ရှိခဲ့ရသည်။ အဆိုပါသဲကျောက်တုံးကြီးမှ ပြုတ်ထွက်လာသော အပိုင်းအစငယ် တချို့တွင် ကနုတ်ပန်းသဏ္ဍာန် အကွေးအဝိုက်များ ထွင်းထုပါရှိသည့်အထောက် အထားများအရ အခြားပျူမြို့ဟောင်းများဖြစ်သော ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းတို့၏ နန်းတော် ဝင်ပေါက် တူးဖော်မှုကုန်းများဖြစ်သည့် KKG-(8)နှင့် HMA-(24)တို့မှ တူးဖော်တွေ့ရှိ ရသည့် ဒွါရပါလ(တံခါးစောင့်နတ်ရုပ်) ရုပ်ကြွတစ်ခု(သို့မဟုတ်) ကျက်သရေမင်္ဂလာ အမှတ်အသား တစ်ခုခု ကို ကနုတ်ပန်းများဖြင့် တန်ဆာဆင်ထွင်းထုထားခြင်းလည်း ဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့ ကြသည်။
ယင်းသဲကျောက်တုံးကြီးမှာ မှောက်လျက်အနေအထားဖြင့် အစိတ်စိတ် အမွှာမွှာ ကွဲကြေ နေသဖြင့် ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်အဖွဲ့များ၏ အကူအညီဖြင့် အနုစိတ် တူးဖော်မှသာ မပျက်မစီးဖော်ထုတ်နိုင်မည် ဖြစ်သည့်အတွက် ဆက်လက်တူးဖော် ထိန်းသိမ်းခြင်း လုပ်ငန်းများ မဆောင်ရွက်ခဲ့ဘဲ မူလနေရာတွင် ယာယီအမိုးအကာဖြင့် အဆောက်အအုံ ဆောက်လုပ်၍ ထိန်းသိမ်း ထားရှိခဲ့ပါသည်။
အဆိုပါသဲကျောက်တုံးကြီးသည် အချိန်ကာလကြာမြင့် လာသည်နှင့်အမျှ ရာသီဥတုဒဏ် နှင့် အခြားအင်းစပ်ပိုးမွားများဒဏ် စသည့် သဘာဝဘေးအန္တရာယ်ဒဏ်များကြောင့် ပျက်စီးမှုများ ထိန်းသိမ်းမှုများ ဆောင်ရွက်ရန် လိုအပ်လာသဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ ပူးပေါင်းကာ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ ဟန်လင်းဌာနစု၊ သုတေသနလုပ်ငန်းအဖွဲ့ ကြီးကြပ်မှုဖြင့် လုပ်ငန်းခွင်အနီး ယာယီ အလုပ်ရုံဆောက်လုပ်၍ (၁၂.၉.၂၀၂၀)ရက်နေ့မှ စတင်ပြီး နေ့စဉ် ပြန်လည်တူးဖော်ခြင်း၊ ဓာတုဗေဒဆေးများဖြင့် ရှေးဟောင်းသုတေသနဆိုင်ရာ ထိန်းသိမ်းခြင်းတို့ကို ပျက်စီးမှုနည်းနိုင် သမျှနည်းပါးအောင် ဂရုတစိုက် ထိန်းသိမ်းဆောင်ရွက် ခဲ့ သည်။
အလျား (၁၂)ပေ၊ အနံ(၆)ပေခန့်၊ ထု ၁ ပေခွဲခန့်ရှိသော သဲကျောက်တုံးကြီး၏ မျက်နှာပြင် တစ်ဘက်တွင် လက်ရာမြောက်စွာထွင်းထုထားသော ဒွါရပါလ (တံခါးစောင့်နတ်ရုပ်) ရုပ်ကြွကြီး တစ်ခု အစိတ်အပိုင်း အစုစုကို ပြန်လည်ဆက်စပ် ထိန်းသိမ်းထားခဲ့ပြီး ထွင်းထုထားသော ရုပ်ကြွကြီးမှာ ခြေဖနောင့်မှအထက် ဦးခေါင်းအထိ (၉)ပေခန့်ရှိသော တင်းပုတ်ကိုင် မတ်ရပ် အနေအထား ဖြစ်သည့် ရုပ်တုတစ်ခုကို ဆက်စပ်၍ ထိန်းသိမ်းမှု ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
ထွင်းထုခဲ့သည့် ဟန်လင်းပျူခေတ် ကျောက်ဆစ်ပညာရှင်များ၏ အနုပညာလက်ရာ မြောက်စွာ ဖန်တီးပုံဖော်နိုင်မှုသည် သမိုင်းတင်ခေတ်ဦးကာလ ယဉ်ကျေးမှု၌ မြန်မာ့ရှေးဟောင်း မြို့တော်ဖြစ်သည့် ဟန်လင်း တွင် အနုပညာနှင့်ဗိသုကာအတတ်ပညာများ ထွန်းကားခဲ့ကြောင်းကို စစ်မှန်သောသက်သေ ခိုင်လုံမှုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီး ဒေသအတွက်၊ နိုင်ငံတော်အတွက် ဝမ်းသာဂုဏ်ယူ တန်ဖိုးထားထိုက်သည့် တူးဖော်သုတေသနတွေ့ရှိချက်နှင့် စနစ်တကျ ဆက်စပ် ထိန်းသိမ်းမှု တစ်ခုပင်ဖြစ်ပါသည်။
