သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမနှင့် ဇီဝိတဒါနသာသနာ့အထူးကုဆေးရုံကြီး ပြင်ဆင်နိုင်ရေး အလှူတော်ငွေပေးအပ်ခြင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းခရိုင်၊ မြို့နယ်မှ ဝန်ထမ်းများအား တွေ့ဆုံ၍ ဆန်အိတ်များ ထောက်ပံ့ခြင်း၊ အောင်မြေသာစံမြို့နယ်ရှိ မဟာဝိသုတာရာမတိုက် ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် အလှူတော်ငွေများ လှူဒါန်းခြင်းနှင့် မစိုးရိမ်တိုက်သစ် မဟာနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ကြီးအား သွားရောက်ဖူးမြော် သတင်းစဉ် ၂ဝ၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ၁၈-၈-၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ပါဝင်သော တာဝန်ရှိသူများနှင့်အတူ ၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်ရှိ မဟာဘွဲ့နှင်းသဘင် အဆောက်အဦပျက်စီးမှုအခြေအနေနှင့် ဇီဝိတ ဒါနသာသနာ့အထူးကုဆေးရုံကြီးတွင် ပျက်စီးသွားသောအဆောက်အဦများ အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည် ကြံ့ခိုင်မှုကောင်းမွန်စေရေးအတွက် အရည်အသွေးပြည့်မီသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များကို အသုံးပြုရန်၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်၊ အဆောက်အဦ SOPနှင့် အညီ ပြုပြင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက် ဝ၉ ဝဝ အချိန်တွင် အောင်မြေသာစံ မြို့နယ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ဌာနခွဲ၌ အလှူတော်ငွေပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ ကေသရထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်း များဆက်ကပ်လှူဒါန်းပြီးနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ရှိ မဟာဘွဲ့နှင်း သဘင်ခန်းမကြီး ပြုပြင်ရန်အတွက် အလှူငွေကျပ်သိန်း(၆၀၀)နှင့် ဇီဝိတဒါနသာသနာ့အထူးကု ဆေးရုံကြီး ပြုပြင်ရန် အလှူငွေကျပ်သိန်း(၃ဝဝ)တို့အား ပေးအပ်လှူဒါန်းခဲ့ပါသည်။ ၎င်းနောက် ပါမောက္ခချုပ်ဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညိုကာ ရေစက်သွန်းလောင်း အမျှအတမ်းပေးဝေခဲ့ပြီး အခမ်းအနားကို နံနက် ၀၉ ၄၅ အချိန်တွင် ရုပ်သိမ်းခဲ့ ပါသည်။

ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် နံနက် ၁၀ ဝ၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းခရိုင်/မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအားတွေ့ဆုံ၍ ၂၈-၃-၂ဝ၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင် ဒဏ်ကြောင့် အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့ရသဖြင့် အခက်အခဲများရှိမှာဖြစ်ပါကြောင်း၊ သဘာဝ ဘေးနှင့် ကပ်ကြီး ၃ ပါးတို့ကြောင့် ဖြစ်ပေါ်လာမည့် လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ငလျင်ဒဏ်သင့် ဘုရားစေတီ၊ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများစာရင်း ပြုစုခြင်း၊ အလှူရှင်များလှူဒါန်းနိုင်ရန်စီစဉ်ခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ငလျင်ဒဏ်သင့် ဝန်ထမ်း များအား တက်နိုင်သမျှ ထောက်ပံ့ငွေ၊ ဆန်၊ ဆီ စသည်တို့ကို ထောက်ပံ့ပေးခဲ့ပါကြောင်း မှာကြား ခဲ့ပြီး ဝန်ထမ်း ၁ ဦးလျှင် ဆန်(၆)ပြည်ဝင်အိတ် တစ်အိတ်နှုန်းဖြင့် စုစုပေါင်းဝန်ထမ်း(၅၈၈) ဦးတို့ အားဆန်အိတ်များ ပေးဝေထောက်ပံ့ခဲ့ပါသည်။

မွန်းလွဲ ၁၃ ၃၀ အချိန်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ်၊ မဟာဝိသုတာရာမတိုက်တော်၌ ကျင်းပသော မန္တလေးငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည် ပြုပြင်နိုင်ရေး အလှူတော်ငွေလှူဒါန်းပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက် ကြည်ညိုခဲ့ပါသည်။ အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး အောင်သုခါရာမကျောင်း (ကျွဲဆည်ကန်)ဆရာတော် ဘဒ္ဒန္တတိက္ခထံမှ ပြည်ထောင်စုဝန်ကြီး အမှူး ပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပါသည်။

ဆက်လက်၍ ဆရာတော် သံဃာတော်များ ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညို၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ၇ ရက်သားသမီးများ၏ လှူဒါန်းငွေကျပ်သိန်း ၁၀၀ ကို ပြည်ထောင်စုဝန်ကြီးက လှူဒါန်းခဲ့ပြီး အလှူတော်ငွေများ လှူဒါန်း ရခြင်းနှင့်စပ်လျဉ်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေ ၁၇ ၁၅ အချိန်တွင် မဟာအောင်မြေ မြို့နယ်၊ မစိုးရိမ်တိုက်သစ်သို့ သွားရောက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ ဝါဆိုသင်္ကန်းနှင့် နဝကမ္မ အလှူတော်ငွေ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

Loading