သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် တာဝန်ရှိသူများက (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရန် လျာထားသည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေး

(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် နေပြည်တော်၌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီ အတွင်းရေးမှူး၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများသည် ၁.၉.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဖွင့်ပွဲ၊ဆုချီးမြှင့်ပွဲ၊ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားများ ကျင်းပပြုလုပ်ရန်လျာထားသည့် မင်္ဂလာသီရိဟိုတယ်နှင့် မက်စ် ဟိုတယ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မက်စ်ဟိုတယ်မှ တာဝန်ရှိသူများက နိုင်ငံတော်အဆင့် အခမ်းအနား ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုလုပ်ငန်းများကို စက်တင်ဘာလ ဒုတိယပတ်တွင် ပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ ပြိုင်ပွဲကျင်းပရန်လျာထားသည့်နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးရာတွင် အတီးပြိုင်ပွဲ ( ပတ္တလား၊ တယော ၊ အိုးစည်နှင့် ဒိုးပတ်ပြိုင်ပွဲ )များကျင်းပရန် လျာထားသည့် အမှတ် (၃)စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိဆင်ဖြူရှင်ခန်းမနှင့် အတီးပြိုင်ပွဲ(ဆိုင်းတစ်ဦးချင်း၊ ဆိုင်းဝိုင်း ကြီးအဖွဲ့လိုက်နှင့် မယ်ဒလင်ပြိုင်ပွဲ ) များကျင်းပရန်လျာထားသည့် အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ပုဗ္ဗသီရိတပ်နယ်ခန်းမသို့လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။

ထို့နောက် အဆိုပြိုင်ပွဲ ( ခေတ်ဟောင်း/ကာလပေါ် နှင့် အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်း ) နှင့် အတီးပြိုင်ပွဲ ( ဂီတာ ) ကျင်းပရန်လျာထားသည့် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမနှင့် အဆိုပြိုင်ပွဲ (မဟာဂီတ)နှင့် အတီးပြိုင်ပွဲ (စောင်း) ကျင်းပရန်လျာထားသည့် အမျိုးသားပြတိုက်(နေပြည်တော်)ရှိ Mini Theatre တို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီးက ငလျင်ဒဏ်ဘေးသင့်သည့် အဆောက်အဦများဖြစ်သည့်အတွက် ပြင်ဆင်ခြင်းကို စက်တင်ဘာလ တတိယပတ်တွင် အပြီးဆောင်ရွက်ရန်နှင့် သပ်ရပ်ခိုင်ခံ့မှုရှိအောင် ပြင်ဆင်ထားရှိရန် မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အရေးပြိုင်ပွဲနှင့် အတီးပြိုင်ပွဲ (စန္ဒရား၊ဒုံမင်း) ကျင်းပ ရန်လျာထားသည့် ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာ ခန်းမကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

Loading