အင်းဝမြို့ဟောင်း

အင်းဝမြို့ဟောင်းသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် အတွင်းတည်ရှိပြီး၊ တံတားဦးမြို့၏မြောက်ဘက် (၂)မိုင် (၄)ဖာလုံ၊ မန္တလေးမြို့၏အနောက် တောင်ဘက် မိုင်(၂၀)ခန့်အကွာတွင် တည်ရှိသည်။ အင်းဝမြို့ဟောင်းတွင် အတွင်းမြို့ရိုး၊ စည်တိုပုံမြို့ရိုးနှင့် တတိယမြို့ရိုး (အပြင်မြို့ရိုး)ဟူ၍ မြို့ရိုး (၃) ထပ်၊ ကျုံး(၃)ထပ် တည်ရှိပြီး၊ မြို့ဟောင်းရာများနှင့် ကျုံးဟောင်းရာများ ထင်ရှားစွာ ကျန်ရှိပါသည်။ စည်တိုပုံမြို့ရိုး၏ အတွင်းဘက်၌ ထောင့်မှန်စတုဂံ၊ နန်းမြို့ရိုး(အတွင်းမြို့) တစ်ထပ်တည်ဆောက်ထားပါသည်။ တတိယမြို့ရိုးသည် စည်တိုပုံမြို့ရိုး၏ တောင်ဘက်၊ အနောက်ဘက်နှင့် အနောက်မြောက်ဘက်တို့တွင် တစ်ဆက်တည်း တည်ဆောက်ခဲ့သဖြင့် မြို့ရိုး(၃)ထပ် သဏ္ဌာန်ကျန်ရှိသည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၁၉၉၄-၁၉၉၅ ဘဏ္ဍာရေးနှစ်တွင် အင်းဝနန်းတော်ရာတူးဖော်မှုလည်းကောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်တွင် မြို့ရိုးနှင့် ကျုံးအားလည်းကောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မြို့ဝင်ပေါက်နေရာက လည်းကောင်း တူးဖော်သုတေသနပြု ဆောင်ရွက်ခဲ့ပါသည်။