တနင်္သာရီမြို့ဟောင်း

တနင်္သာရီမြို့ဟောင်းသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီမြို့တွင် တည်ရှိသည်။ တနင်္သာရီမြို့ဟောင်းကို တနင်္သာရီမြစ်ကြီးနှင့် တနင်္သာရီ မြစ်ငယ်တို့က ကွေ့ဝိုက်စီးဆင်းလျက်ရှိသည်။ ယင်းမြစ်များက သဘာဝကုန်းသဖွယ် လည်းကောင်း၊ တောင်ဘက်တွင် တနင်္သာရီတောင်တန်းမှ သဘာဝတံတိုင်းကြီးအဖြစ် လည်ကောင်း ကာရံထားသည်။ မြို့ရိုးပုံစံမှာ စက်ဝိုင်းမကျ၊ စတုဂံပုံမကျ ပုံစံဖြစ်သည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၁၉၅၃-၁၉၅၄ ခုနှစ်တွင် တနင်္သာရီမြို့၊ ဘုရားတောင်တွင် ရှေးဟောင်းသာသနိကပစ္စည်းများကို တူးဖော်တွေ့ရှိရသည်ဟု သတင်း ရရှိမှုကြောင့် ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန် ဦးလူဖေဝင်းမှ ကွင်းဆင်းစစ်ဆေး၊ မှတ်တမ်းတင်ခဲ့သည်။ ၁၉၉၈-၁၉၉၉ ဘဏ္ဍာရေးနှစ်တွင် ဌာနမှ တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဌာနသုတေသနအဖွဲ့က တနင်္သာရီ မြို့ဟောင်း၌ ကျန်ရှိနေသော ယဉ်ကျေးမှုအမွေအနှစ် အထောက်အထားများနှင့် ရှေးဟောင်း သုတေသနဆိုင်ရာ အချက်အလက်များ ပါဝင်သော Archaeological Map ကို ရေးဆွဲရန် ကွင်းဆင်းသုတေသနပြု ဆောင်ရွက်ခဲ့ကြပါသည်။ ယင်းနောက် တနင်္သာရီမြို့ဟောင်းအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ထားဝယ်ဌာနခွဲ)မှ အခါအားလျော်စွာ ကွင်းဆင်းသုတေသနပြုခြင်း၊ ပြည်တွင်းပြည်ပပညာရှင်နှင့် ပူးပေါင်း၍ သုတေသနပြု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

Loading