မူဝါဒ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်

မူဝါဒ

၁။ သမိုင်းဝင် ရှေးဟောင်းဒေသများ၊ အဆောက်အအုံများ၊ ရှေးဟောင်းပစ္စည်းများ ရှာဖွေ ဖော်ထုတ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်၊

၂။ မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းနိုင်သည်နှင့်အမျှ ယဉ်ကျေးမှုအမွေ အနှစ်များ ရေရှည်တည်တံ့ရေးနှင့် တစ်ဆက်တစ်စပ်တည်းသော ခိုင်မာသည့် မြန်မာ့သမိုင်း စဉ် ဖော်ထုတ်ရေးအတွက် အထောက်အကူဖြစ်စေရန်ဖြစ်သည်၊

၃။ ပြည်တွင်း၊ ပြည်ပယဉ်ကျေးမှုအမွေအနှစ်များနှင့် အသိပညာဗဟုသုတဆိုင်ရာ ဗဟိုဌာနအဖြစ် ပြတိုက်နှင့် စာကြည့်တိုက်များက ရပ်တည်၍ သတင်းအချက်အလက်များ ဝန်ဆောင်မှုပေးရန် ဖြစ်သည်။

မျှော်မှန်းချက်

၁။ ရှေးဟောင်းသုတေသနလုပ်ငန်းကို သုတေသနအမြင်မှသည် လူမှုအဖွဲ့အစည်း၏ အကျိုးစီးပွားကို ထည့်သွင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုပါ စိတ်ဝင်စားမှု ပိုမိုလာနိုင် စေခြင်း၊

၂။ ပိုမိုစနစ်ကျသော သတင်းအချက်အလက်နှင့် စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်တို့ကို ဆောင်ရွက် ခြင်းဖြင့် တိကျမြန်ဆန်သော သုတေသနလုပ်ငန်းများ ဖြစ်ထွန်း ပေါ်ပေါက်လာနိုင်ခြင်း၊

၃။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာလုပ်ငန်းများကို အမျိုးသားအဆင့် (National Level) တွင် သာမက ဒေသဆိုင်ရာအဆင့် (Regional Level)၊ ကမ္ဘာလုံးဆိုင်ရာအဆင့်(Global Level) အထိ ချိတ်ဆက်၍ ဆောင်ရွက်လာနိုင်သည်နှင့်အမျှ နိုင်ငံတကာအာရုံစိုက်မှု ရရှိစေခြင်း၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို လာရောက်လေ့လာလိုသူများ ပိုမိုလာနိုင်ခြင်း၊

၄။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဒေသအဖြစ် တိုးမြှင့်တည်ရှိနိုင်ရေးနှင့် မီဒီယာအသွင် ထိရောက်သော ပညာပေးဆောင်ရွက်မှုကြောင့် လူထုနှင့်နိုင်ငံတကာတို့က မြန်မာ့ရှေးဟောင်း အမွေအနှစ်နှင့် သုတေသနပညာရပ်များအား ကျယ်ပြန့်စွာ သိမြင်လာနိုင်ခြင်း၊

၅။ ပြတိုက်နှင့်စာကြည့်တိုက်များ ခင်းကျင်းပြသမှုစနစ်တွင် ခေတ်မီနည်းစနစ်များ အစားထိုး ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာ အဆင့်မီပြတိုက်နှင့် စာကြည့်တိုက်များ ပေါ်ထွန်းလာစေခြင်း၊

၆။ ရှေးဟောင်းဝတ္တုပစ္စည်းများ ပိုမိုရှာဖွေဖော်ထုတ်၊ စုဆောင်း၊ ပြသလာနိုင်သည်နှင့်အမျှ မြန်မာ အမျိုးသားတို့၏ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားမှုတို့ကို သိမြင်လာနိုင်စေခြင်း၊

၇။   ရှေးဟောင်းသုတေသနဆိုင်ရာ၊ ပြတိုက်နှင့်စာကြည့်တိုက်များဆိုင်ရာ ပညာရပ်များ ဖြန့်ဖြူး ခြင်းဖြင့် ယဉ်ကျေးမှုအသိစိတ်ဓာတ်များအား ပေါ်ပေါက်ခိုင်မာလာစေခြင်း။

ရည်မှန်းချက်

၁။ မြန်မာ့သမိုင်းမတင်မီခေတ် ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်လေ့လာရာတွင် ကွင်းဆင်း လေ့လာရန်နှင့်  မြန်မာနိုင်ငံ၏ ပရိုင်းမိတ်သုတေသနလုပ်ငန်း၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ယဉ်ကျေးမှုသုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် မြန်မာ့ရှေးမြို့ဟောင်းများ၊ ရှေးဟောင်းနေရာများ တူးဖော်သုတေသနပြုခြင်း ဆောင်ရွက်ရန်၊

၂။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ရှာဖွေဖော်ထုတ်၍ ယဉ်ကျေးမှုအမွေအနှစ် အဆောက် အအုံများ၊ ရှေးဟောင်းပစ္စည်းများ ရေရှည် တည်တံ့အောင် ထိန်းသိမ်းမွမ်းမံရန်၊

၃။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများနှင့် ရှေးဟောင်းပစ္စည်းများကို မြတ်နိုး တန်ဖိုးထား၍ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန်နှင့် ရှေးဟောင်းသုတေသန နည်းပညာရပ်များ ကျယ်ပြန့်စွာ ခေတ်မီဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရန်၊

၄။ ရှေးဟောင်းကမ္ပည်းစာ (ကျောက်စာ၊ ခေါင်းလောင်းစာ၊ နံရံမင်စာ စသည့်)၊ ရှေးဟောင်း ပစ္စည်းများ စုဆောင်းမှတ်တမ်းတင် သုတေသနပြုရန်၊

၅။ သမိုင်းဝင် ရှေးဟောင်းဒေသများ၊ ရှေးဟောင်းအဆောက်အအုံများ ရှာဖွေဖော်ထုတ် ထိန်းသိမ်း၍ ဥပဒေနှင့်အညီ ဇုန်နယ်မြေများ သတ်မှတ်ကာကွယ် စောင့်ရှောက်ရန်၊

၆။ ပြတိုက်နှင့် စာကြည့်တိုက်များအား မြန်မာ့အမျိုးသားယဉ်ကျေးမှုဆိုင်ရာ ဗဟိုဌာနများ အဖြစ် လည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် အသိပညာဗဟုသုတများ၊ အမွေအနှစ်များ၏ သတင်း အချက်အလက် ဗဟိုဌာနအဖြစ်လည်းကောင်း ဆောင်ရွက်ရန်၊

၇။ ပြတိုက်နှင့် စာကြည့်တိုက်များတိုးချဲ့ တည်ဆောက်ဖွင့်လှစ်၍ ပညာပေးရေး လုပ်ငန်းများ၊ သတင်းအချက်အလက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်၊

၈။ ဒြပ်ရှိ၊ ဒြပ်မဲ့ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းသို့ တင်သွင်းရေးနှင့် အမျိုးသားအဆင့် ထိန်းသိမ်းစောင့်ရှောက်ရေးဆောင်ရွက်ရန်၊

၉။ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်၊ လက္ခဏာများ သုတေသနပြု မှတ်တမ်း တင်ရန်၊

၁၀။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များဖော်ထုတ်၍ ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန်နှင့် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ရန်၊

၁၁။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ယဉ်ကျေးမှုအမွေအနှစ် ဖော်ထုတ် ထိန်းသိမ်းရေး တိုးမြှင့်ဆောင်ရွက်ရန်။