တောင်သမန်ကျောက်ခေတ်ဒေသ

    တောင်သမန်ကျောက်ခေတ်ဒေသ တူးဖော်သုတေသနပြုလုပ်သောနေရာသည် တောင်သမန် အင်း၏ အနောက်ဘက်အမရပူရမြို့၏ အရှေ့ဘက်တွင်တည်ရှိသည်။ တောင်သမန်အင်းကို ဖြတ်သန်း ဆောက်လုပ်ထားသော ဦးပိန်တံတား၏ အနောက်ထိပ်တောင်မင်းကြီးဘုရား၏ အနောက်ဘက်ရှိ အောင်ခြင်းရှစ်ပါးကျောက်တိုက်အတွင်း ကုန်းအမှတ်(၁)နှင့် ကုန်းအမှတ်(၂)ကို တူးဖော်သုတေသနပြု ဆောင်ရွက်ခဲ့ပြီး ကုန်းအမှတ်(၃)ကို အောင်ခြင်းရှစ်ပါးကျောင်းတိုက်၏ အပြင်ဘက် ကိုက်(၄၀၀) ခန့်အကွာတွင် ၁၉၆၉-၁၉၇၀ ဘဏ္ဍာရေးနှစ်တွင် ပထမအကြိမ် တူးဖော်မှုပြုလုပ်ခဲ့သည်။ ဒုတိယအကြိမ် တူးဖော်မှုကို ၁၉၇၁-၁၉၇၂ ဘဏ္ဍာရေးနှစ်တွင် ကုန်းအမှတ်(၄)မှ (၇)ထိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သုတေသနပြု လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    တောင်သမန်တူးဖော်မှုတွင် တွေ့ရှိရသော ရှေးဟောင်းပစ္စည်းများတွင် ကျောက်လက်နက်များ၊ အရိုးဖြင့်ပြုလုပ်ထားသော အသုံးအဆောင်များ၊ သံဖြင့်ပြုလုပ်ထားသော လက်နက်များနှင့် မြေအိုး မြေခွက်များပါဝင်သည်။ ကျောက်လက်နက်များကို အပေါ်ဆုံးမြေလွှာမှစ၍ စတုတ္ထ မြေလွှာအထိ တွေ့ရှိရသည်။ အချို့လက်နက်များကို မြေအောက်အနက်(၆) လက်မ၌ တွေ့ရှိ ရသည်။