ထုံးဘိုရှေးဟောင်းနေရာဒေသ

ထုံးဘိုကြေးခေတ်ယဉ်ကျေးမှုဒေသသည် မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ဒဟတ်ကုန်းကျေးရွာအုပ်စုတွင် အပါအဝင်ဖြစ်ပြီး ထုံးဘိုကျေးရွာ၏ အနောက်ဘက် (၃)ဖာလုံခန့် အကွာတွင် တည်ရှိသည်။ ၂၀၀၈-ခုနှစ်တွင် တူးဖော်မှုကို ပြင်သစ်နိုင်ငံ (C.N.R.S) အဖွဲ့မှ ပညာရှင် များနှင့် မြန်မာနိုင်ငံမှပညာရှင်များပူးပေါင်း၍ တူးဖော်သုတေသနပြုခဲ့သည်။ တူးဖော်မှုကို ပျော်ကုန်း ကျေးရွာအုပ်စု၊ စလန်းကန်ရွာအနီးတွင်လည်းကောင်း၊ ဒဟတ်ကုန်းကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာ အနီးတွင်လည်းကောင်း တူးဖော်သုတေသနပြုခဲ့ကြသည်။ တူးဖော်သုတေသနပြုရာတွင် ရှေးဟောင်း သုတေသနဆိုင်ရာ အထောက်အထားများအနေဖြင့် ရုပ်ကြွင်အရိုးစုများ၊ ပုတီးစေ့များ၊ ကြွေထည် ပစ္စည်းများ၊ သံထည်ပစ္စည်းများ တွေ့ရှိရသည်။