လွယ်ဝန်းကျောက်ဆောင်နံရံပန်းချီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လွယ်ဝန်းရွာ၏တောင်ဘက် (၁)မိုင်ခွဲခန့်အကွာ တောင်တက်ခြေလျင်လမ်းပေါ်တွင် တည်ရှိသည်။ မြေပုံညွှန်အမှတ် 94,A-14 တွင် ပါဝင်သည်။

လွယ်ဝန်းကျောက်ဆောင် နံရံသရုပ်ဖော်ပုံများ (Cliff art) ကို (၁၇၃)ပေ ရှည်လျားသည့် ကျောက်ဆောင်နံရံ အလယ်နေရာတွင် ရေးဆွဲထားခြင်းဖြစ်သည်။ ကျောက်ဆောင်သည် အမြင့် (၁၀)ပေခန့်မှစ၍ အရှေ့ဘက်သို့ (၄၂)ဒီဂရီခန့် ကွေးညွတ်နေပြီး လေးကိုင်းကွေးသဏ္ဌန် ဖြစ်ပေါ် နေသည်။ ကမ်းပါးယံပေါ်လာရာမှာ မြောက်(၅)ဒီဂရီ အနောက်(Direction N4W) ဖြစ်သဖြင့် တောင်မြောက်တန်းလျက် နီးပါးရှိသည်ဟု ဆိုနိုင်ပါသည်။ အရှေ့ဘက်သို့ ငိုက်ကွေးပြီး အမိုး သဏ္ဌာန် ဖြစ်ပေါ်နေသော ကျောက်လွှာ၏ အလျားမှာ (၂၃၀)ပေ ခန့်ဖြစ်သည်။

ကျောက်ခေတ်နံရံ ပန်းချီများသည် အထက်မှအောက်သို့တန်းလျက် စုစုပေါင်း(၁၆)ပုံခန့် ရေးဆွဲထားသည်ကို တွေ့ရှိရသည်။ ရေးဆွဲစဉ်အခါက ဖော်ပြပါအရေအတွက်ထက် များပြားမည် ဖြစ်သော်လည်း အချို့မှာ မှေးမှိန်ပျက်စီးလျက် ရှိသည်။ တိရစ္ဆာန်ပေါ်တွင် လူကမတ်တပ်ရပ် လျက် စီးနေဟန်ပုံမှာ အများဆုံးတွေ့ရှိရသော ပုံများဖြစ်ပြီး လက်နက်တစ်ခုခုကို ကိုင်တွယ်ထား ဟန်များ ပါဝင်သည်။