ကရင်

ကရင်ပြည်နယ်ရှိ ရှေးဟောင်းသမိုင်းဝင်နေရာများ

ကော့ဂွန်းဂူ

ကော့ဂွန်းဂူသည် ကရင်ပြည်နယ် ဘားအံမြို့၏ အနောက်တောင်၊ သံလွင်မြစ်အနောက်ဘက် ကမ်း၊ ဘားအံမြို့မှ (၈)မိုင်ခန့်အကွာတွင် တည်ရှိသည်။ မြိုင်(တောင်) ကော့ဂွန်းကျေးရွာအုပ်စုတွင် ပါဝင်ပါသည်။ ကော့ဂွန်းဂူသည် အမြင့်ပေ ၁၀၀၀၊ အလျားပေ ၁၀၀၀၊ အနံပေ ၆၀၀၀ ရှိသော ကော့ဂွန်းတောင်အတွင်းရှိ အရှေ့သို့ မျက်နှာမူနေသော တဖက်ပွင့်ဂူတစ်ဂူဖြစ်သည်။ လှိုဏ်ဂူ အတွင်းပိုင်းနှင့် အပြင်ဘက်တို့တွင် အုတ်၊ ကျောက်၊ အင်္ဂတေ၊ သစ်သားတို့ဖြင့် ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးထုလုပ်လျက် အနေအထားအမျိုးမျိုးဖြင့် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ၊ ရုပ်လုံး ရုပ်ကြွများ၊ စေတီပျက်စသည်ဖြင့် အေဒီ(၇)ရာစုမှစ၍ ခေတ်အဆက်ဆက် လက်ရာများ၊ ပုဂံ၊ အင်းဝ၊ ကုန်းဘောင်ခေတ်နှင့် မွန်ဆင်းတုလက်ရာများကိုလည်း တစ်စုတပေါင်းတည်း တွေ့ရှိနိုင်သည့်အပြင် ကမ္ဘောဒီယားပုံစံ၊ ယိုးဒယားပုံစံများကိုလည်း တွေ့ရှိနိုင်သည်။ ၁၉၅၈-ခုနှစ် မှစ၍ ကော့ဂွန်းဂူသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်သို့ ရောက်ရှိခဲ့ပြီး ယခုအခါ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကရင်ပြည်နယ်၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ဘားအံဌာနခွဲ)မှ ထိန်းသိမ်း စောင့်ရှောက်ထားပါသည်။

ရသေ့ပျံဂူ

ရသေ့ပျံဂူသည် ဘားအံမြို့မှ သံလွင်မြစ်တစ်ဖက်ကမ်း (၃)မိုင်ခန့်ရှိ ဘားကပ်ကျေးရွာမှ တောင်ဘက်တစ်မိုင်ခန့်အကွာ ရသေ့ပျံကျေးရွာ အနောက်တောင်ဘက်နှင့် ကော့ဂွန်းဂူ၏ အနောက် မြောက်ဘက်(၁)မိုင်ခန့်အကျော်တွင် တည်ရှိပါသည်။ ရသေ့ပျံဂူသည် ဒိုးလျှိုပေါက်နှင့် နှစ်ဖက်ပွင့်ဂူ ဖြစ်သည်။ တောင်ခြေမှ ပေ(၁၅၀)ခန့်တွင် တည်ရှိသည့် သဘာဝထုံးကျောက်လှိုဏ်ဂူဖြစ်၍ တောင်မှ မြောက်သို့ သွယ်တန်းပြီး အမြင့်ပေ (၁၅၀၀)ခန့်ရှိသည်။ ဂူဝအကျယ်သည် (၇၅)ပေခန့်ရှိသော်လည်း လိုဏ်ဂူအတွင်းတွင် ပေ(၁၅၀)ခန့် ကျယ်ဝန်းသည်။ ရသေ့ပျံဂူ၏ ဆင်းတုတော်များ၊ နံရံကပ် အုတ်ခွက်ဘုရားများသည် အေဒီ(၆ရာစု၊ ၇ ရာစု)လက်ရာများသည် ကော့ဂွန်းဂူနှင့် တစ်ခေတ်ပြိုင် ဖြစ်သည်ဟု ကော့ဂွန်းဂူရှိ ကျောက်စာများအရသိရှိနိုင်ပါသည်။ ရသေ့ပျံဂူတွင် စေတီ(၁)ဆူ၊ ဆင်းတုတော်များ၊ သရိုး၊ နံရံကပ်အုတ်ခွက်ဘုရားများအပြင် မွန်လက်ရာဆင်းတုတော်၊ ကမ္ဘောဒီးယားပုံ၊ ယိုးဒယားပုံစံ အုတ်ခွက်ဘုရားများကို သပ္ပါယ်စွာဖူးမြင်နိုင်ပြီး ဂူအတွင်း၌ သဘာဝ ကျောက်စက်မိုးမျှော်၊ ကျောက်စက်ပန်းဆွဲတို့သည်လည်း လှပစွာ တည်ရှိနေပါသည်။

ဘုရင့်ညီဂူ

ဘုရင့်ညီဂူသည် ဘားအံ-သထုံသွား လမ်းမကြီး၏ ဘယ်ဘက်မိုင်ဝက် အကွာတွင်ရှိပါသည်။ ထုံးကျောက်ဂူအမျိုးအစားဖြစ်ပြီး ဘုရင်ညီရွာစု၊ ဘားအံမြို့နယ်၊ ကရင်ပြည်နယ်တွင် တည်ရှိပါ သည်။ မြေပြင်မှ အမြင့် (၅၀)ပေခန့် မြင့်ပါသည်။ ဝင်ပေါက်သည် (၄၃)ပေခန့် ကျယ်ဝန်းပြီး ဝင်ပေါက်မှ အဓိကဂူမကြီးထိ ပေ (၆၀ဝ) ရှည်လျားပါသည်။ မြေမီးဖုတ်အုတ်ခွက် ဘုရားများဖြင့် တန်ဆာဆင်ထားပြီး အုတ်ခွက်ဘုရားအများစုကို ပြန်လည် ပြုပြင်ထိန်းသိမ်း ထားပါသည်။