မန္တလေးဒေသ

မန္တလေးဒေသရှိ ရှေးဟောင်းသမိုင်းဝင်နေရာများ

ရွှေနန်းတော်ဘုန်းတော်ကြီးကျောင်း

အေဒီ ၁၈၅၇ တွင် မြန်မာနိုင်ငံ၏ ဒုတိယနောက်ဆုံးမင်းဆက် မင်းတုန်းမင်းက အဆိုပါ ဘုန်းတော်ကြီးကျောင်းကို တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ဘုန်းတော်ကြီးကျောင်းသည် မှန်စီရွှေချထားသော သစ်သားအဆောက်အအုံဖြစ်သည့် မြနန်းစံကျော် ရွှေနန်းတော်၏ အခန်းတစ်ဆောင်လည်းဖြစ်ပါသည်။ ပင်မအဆောက်အအုံ ဘေးပတ်ပတ်လည်ရှိ ကျယ်ပြန့်လှသည့် ပြင်ပသစ်သားလူသွားစင်္ကြံပေါ်တွင် ပတ်ဝန်းကျင်သို့ ကြည့်ရှု့ရန်အတွက် လမ်းလျှောက်နိုင်ပြီး၊ ဇာတကဇာတ်တော်များတွင် ပါဝင်သော မြင်ကွင်းတင်ခုကို ကိုယ်စားပြုသည့်အခန်း၊ ဒီဇိုင်းအလှ ဆင်ထားမှုများနှင့် ရိုးရာပန်းဒီဇိုင်းများဖြင့် အဆောက်အအုံ တစ်ခုလုံးကို ပြင်ဆင်ထားပါသည်။

အတုမရှိဘုန်းတော်ကြီးကျောင်း

အေဒီ ၁၈၅၇ တွင် မင်းတုန်းမင်းကြီးက တုနှိုင်းမရှိသော ဘုန်းတော်ကြီးကျောင်းဟုလည်း လူသိများသော အတုမရှိဘုန်းတော်ကြီး ကျောင်းကို တည်ဆောက်ခဲ့ပါသည်။ အဆိုပါကျောင်းသည် မန္တလေးတွင် တည်ရှိပါသည်။ အဆိုပါ ဘုန်းတော်ကြီးကျောင်းကို သစ်သားဖြင့် တည်ဆောက်ထားပြီး အပြင်ဘက်တွင် အင်္ဂတေအနုလက်ရာများဖြင့် ဆင်ယင်ထားပါသည်။ သမာရိုးကျပိရမစ်ပုံစံအစား ထောင့်မှန်စတုဂံပုံစံဖြင့် အတုမရှိဘုန်းတော်ကြီး ကျောင်းကို ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်ပါသည်။ အေဒီ ၁၈၉၀ တွင် အတုမရှိ ဘုန်းတော်ကြီး ကျောင်းသည် မီးလောင်ခြင်းခံခဲ့ရပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီအဖွဲ့ လက်ထက်တွင် အဆိုပါ ဘုန်းတော်ကြီး ကျောင်းကို ပြန်လည်တည်ဆောက်ခဲ့ပါသည်။

မဟာအောင်မြေဘုံသာအုတ်ကျောင်း (မယ်နုအုတ်ကျောင်း)

စည်တိုပုံမြို့ရိုး၏ အရှေ့မြောက်အရပ်၊ ထီးလှိုင်ရှင်ဘုရား၏ အနောက်မြောက်အရပ်တွင် တည်ရှိသည်။ မြန်မာသက္ကရာဇ် ၁၁၈၄ ခုနှစ် အေဒီ ၁၈၂၂ တွင် ဘကြီးတော်မင်း (အင်းဝမြို့၏ စတုတ္ထမြောက် မြို့တော်ကိုတည်ထောင်သူ)နှင့် နန်းမတော်မယ်နုမိဖုရားတို့က လှူဒါန်းခဲ့ပြီး အဆိုပါ အဆောက်အအုံအား အလုံးစုံပြီးမြောက်စေရန် ၅ နှစ်တာကြာမြင့်ခဲ့ပါသည်။ ၁၁၈၉ ခုနှစ် အေဒီ ၁၈၂၈ တွင် မဟာအောင်မြေဘုံစံဟု ကမ္ပည်းထိုးကာ ညောင်ကန်ဆရာတော်အား ရေစက်ချလှူဒါန်း ခဲ့သည်။ အကျယ်အဝန်းအားဖြင့် အလျား ၁၉၂ ပေ၊ အနံ ၁၁၂ပေ နှင့် အမြင့် ၉၄ ပေ ရှိသည်။ အေဒီ ၁၉ ရာစု ကုန်းဘောင် ခေတ်လက်ရာများကို မြင်တွေ့နိုင်သည်။ အုတ်ကျောင်းတော်ကြီး၏ ကျောင်းဦးပြာသာဒ်နှင့် အဆောင်မကြီးကို ၉ ပေခွာ၍ တည်ဆောက်ထားသည်။ ပြာသာဒ်ဆောင်ကို မျက်နှာလေးဘက်ဖွင့်ထားသည်။ အဆောင်မကြီးတွင် ရဟန်းတော်များ သီတင်းသုံးရန် အရှေ့ အနောက်တန်းလျက် အခန်း(၂)ခု ပြုလုပ်ထားပြီး ထိုအခန်းများကို စင်္ကြံပတ်လမ်းများဖြင့် ရစ်ပတ်ထားသည်။ အုတ်ပေါင်းကူးလူဝင်ပေါက်များတွင် သစ်သားတံခါးများကိုလည်း တပ်ဆင် ထားသည်။ အုတ်ကျောင်းတော်ကြီးသည် သက္ကရာဇ် ၁၂ဝဝ ပြည့်နှစ်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျ ခဲ့သည်။ ထိုကျောင်းတော်ကြီးကို နန်းမတော်မယ်နု၏ သမီးတော်ဆင်ဖြူမရှင်က သက္ကရာဇ် ၁၂၃၄ ခုနှစ် အေဒီ ၁၈၇၆ တွင် ထပ်မံပြုပြင်ခဲ့သည်။ ယခုအခါရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။

ဗားကရာဘုန်းကြီးကျောင်း

အင်းဝမြို့ဟောင်း စည်တိုပုံမြို့ရိုး၏ အပြင်ဘက် တတိယမြို့ရိုးအတွင်း လောကသရဖူ ဘုရားကြီး၏ တောင်ဘက်တွင် တည်ရှိသည်။ မြန်မာသက္ကရာဇ် ၁၁၄၄ ခုနှစ်၊ ဘိုးတော်ဘုရား လက်ထက်တွင် အတွင်းဝန်အမတ်ကြီး နေမျိုးကျော်ထင်က ဆောက်လုပ်ခဲ့သည်။ သစ်သား ကျွန်းတိုင်များဖြင့် တည်ဆောက်ထားပြီး ကျွန်းတိုင်ပေါင်း(၂၆၇) လုံးပါရှိသည်။ အကြီးဆုံး ကျွန်းတိုင်၏ လုံးပတ်သည်(၉) ပေရှိသည်။ ဗားကရာကျောင်းမှာ အကျယ်အဝန်းအားဖြင့် အလျား(၁၈၈) ပေ၊ အနံ(၁ဝ၃) ပေရှိ သစ်သားကျောင်းကြီးဖြစ်ပါသည်။ ယခုအခါတွေ့မြင်နိုင်ရန် အလွန်ရှားပါးသော ရှေးဟောင်း ဗိသုကာလက်ရာများကို တွေ့မြင်နိုင်ပါသည်။ ကျောင်းတော်ကြီး၏ ဘေးပတ်လည်တွင် အုတ်လှေကား(၅)စင်း တပ်ဆင်ထားသည်။ ပြာသာဒ်ဆောင်၌ ကိန္နရာရုပ်တုများ၊ ပွတ်လုံးများ၊ နတ်ရုပ်များဖြင့် တန်ဆာဆင်၍သော်လည်းကောင်း၊ အတွင်းဆောင် လက်ရန်းများ၌ ဒေါင်းရုပ်များ၊ ပွတ်လုံးများ၊ လက်ရန်းထိပ်ပိုင်းတွင် ခြင်္သေ့ကိုယ်၊ ဘီလူးခေါင်းပုံ ရုပ်တုများဖြင့် လည်းကောင်း တန်ဆာဆင်ထားသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဤကျောင်းတော်ကြီး၏ လက်ရာအချို့ပျက်စီးဆုံးရှုံးခဲ့သည်။ အနောက်ဘက်ဘောဂဆောင်(ခေါ်) ကျက်သရေတိုက်မှာ မီးလောင် ပျက်စီးခဲ့သည်။ ကျောင်းတော်ကြီး၏အမိုးမှာ မူလလက်ရာမဟုတ်ဘဲ စစ်မဖြစ်မီက အလှူရှင် တစ်ဦးမှ သွပ်မိုးလှူဒါန်းခဲ့ခြင်းဖြစ်သည်။ ၁၉၉၈ ခုနှစ်က ယိမ်းယိုင်ခဲ့သည့် ကျောင်းတိုင်များကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက တည့်မတ်ထိန်းသိမ်းခဲ့သည်။ မြေဝင် ကျောင်းတိုင်များကို ယိုင်လဲမှုမဖြစ်စေရန် တိုင်ခြေတွင် အုတ်၊ အင်္ဂတေတို့ဖြင့် ထိန်းသိမ်းထားရှိ သည်။ ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာရေးနှစ်တွင် ဆွေးနေသော ကြမ်းခင်း၊ ဆင့်၊ ယက်မများကို လဲလှယ်ခဲ့ပါသည်။

အရိယာဝံသရုပ်စုံကျောင်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ရှိပါသည်။ ထူပါရုံဒါယိကာ နာရပတိမင်းလက်ထက်တွင် ရှင်မဟာအရိယာဝံသ က ဆောက်လုပ် လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ဘုန်းကြီးကျောင်းငယ်သည် တောင်မှ မြောက်သို့ (၄၃) ပေ၊ (၉) လက်မ နှင့် အရှေ့မှ အနောက်သို့ (၃၀) ပေ သာလျှင် ကျယ်ဝန်း၍ အလွန်ရှားပါးပြီး ဘုန်းကြီးတစ်ပါးသာလျှင် သီတင်းသုံးရန်အတွက် တည်ဆောက်ထားခြင်းဖြစ်ဟန် တူပါသည်။ အဆိုပါရုပ်စုံကျောင်း၏ အောက်ခြေတစ်လျှောက် မြေကတုတ်များ၊ အမိုးတစ်လျှောက် တွင် သစ်သားပန်းပုလက်ရာများဖြင့် အလှဆင်ထားပါသည်။

မဟာမြတ်မုနိ(ခ) စန္ဒာမုနိ

အင်းဝမြို့အပြင်မြို့ရိုးအတွင်း လေးထပ်ကြီးကျောင်းအရှေ့ဘက်တွင် တည်ရှိသည်။ မဟာမြတ်မုနိစေတီကို ညောင်ရမ်းမင်းသည် သက္ကရာဇ်(၉၆၄) ခု၊ တန်ခူးလပြည့်ကျော်(၆) ရက်နေ့တွင် စတင်တည်ထားခဲ့ပြီး သားတော် အနောက်ဘက်လွန်မင်းက ပြီးစီးအောင် ဆက်လက်တည်ဆောက်၍ လုံးတော်ပြည့်ရွှေချခဲ့သည်။ အမရပူရမြို့တည် ဘိုးတော်(ဗဒုံမင်းတရားကြီး)သည် သံပိဿာချိန် ၁၁၃၆၈ ဖြင့် သွန်းလုပ်ခဲ့သော ဉာဏ်တော်(၅)တောင်(၂)မိုက်ရှိ စန္ဒာမုနိရုပ်ပွားတော်ကြီးကို မင်းကွန်းတွင် သွန်းလုပ်၍ အမရပူရသို့ ပင့်ဆောင်ပူဇော်ခဲ့သည်။ အင်းဝစတုတ္ထမြို့တည် ဘကြီးတော်မင်း တရားကြီးသည် သက္ကရာဇ် ၁၁၈၅ခု၊ ဝါခေါင်လပြည့်ကျော် ၅ ရက်နေ့၊ တနင်္ဂနွေနေ့တွင် ၎င်းစန္ဒာမုနိ ရုပ်ပွားတော်ကြီးကို အမရပူရမှ အင်းဝသို့ပင့်ဆောင်၍ မဟာမြတ်မုနိဘုရားရှေ့တွင် ဘုံခုနှစ်ဆင့် ပြာသာဒ်ဖြင့် တည်ထားကိုးကွယ်ခဲ့သည်။ သက္ကရာဇ် ၁၂ဝဝ ပြည့်နှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်နေ့တွင် သာယာဝတီမင်းက စန္ဒာမုနိရုပ်ပွားတော်ကြီးအား အင်းဝမှ အမရပူရမြို့သို့ ပင့်ဆောင် ပူဇော်ခဲ့သည်။ မင်းတုန်းမင်းနန်းတက်ပြီးနောက် မြို့တော်ကို အမရပူရမှ မန္တလေးမြို့သို့ ပြောင်းရွှေ့သောအခါ စန္ဒာမုနိရုပ်ပွားတော်ကြီးကို အမရပူရမှ မန္တလေးမြို့ရှိ မင်းတုန်းမင်း၏ နန်းမြေ ဘုံသာစံနန်းတော်သို့ ပင့်ဆောင်၍ အုတ်တန်ဆောင်းပြာသာဒ်ဖြင့် ကိုးကွယ်ပူဇော်ခဲ့သည်။ ယခုအခါ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဂေါပကအဖွဲ့က ထိန်းသိမ်းစောင့်ရှောက် လျက်ရှိပါသည်။

လေးထပ်ကြီးကျောင်း

အင်းဝမြို့ဟောင်း တတိယမြို့ရိုးအတွင်း ဟံသာဝတီကျေးရွာ စန္ဒာမုနိဘုရား၏ အနောက်ဘက်၌ တည်ရှိသည်။ ဒုတိယအင်းဝခေတ်ကို တည်ထောင်ခဲ့သော ညောင်ရမ်းမင်းတရားက မြန်မာသက္ကရာဇ် ၉၆၃ ခု၊ တန်ခူးလပြည့်ကျော် ၂ ရက်နေ့တွင် စတင်၍ လေးထပ်ကျောင်းကြီးကို ကျောင်းရံ(၄ဝ) နှင့်တကွ တည်ဆောက်ခဲ့ပြီး သားတော်အနောက်ဘက်လွန်မင်းက ပြီးစီးအောင်ဆောင်ရွက်ခဲ့သည်။ သာလွန်မင်းလက်ထက် သက္ကရာဇ် ၁ဝ၂ဝ ခုနှစ်တွင် တရုတ်တို့နှင့် စစ်မက်ဖြစ်ပွားရာ၌ လေးထပ် ကျောင်းတော်ကြီးကိုလည်း မီးတိုက်ခံရသည်။ ၁၁၈၇ ခုနှစ်၊ တပေါင်းလတွင် စတုတ္ထအင်းဝနန်းစံ ဘကြီးတော်မင်းသည် သကျသီဟဗုဒ္ဓရုပ်ပွားတော်ကြီးအား ကြေးနီ၊ သလွဲ၊ ရွှေ၊ ငွေ ပိဿာချိန်(၁၆ဝ၁ဝ) ဖြင့် သွန်းလောင်းခဲ့ပြီး လက်ရှိဂန္ဓကုဋီတိုက်ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့သည်။ လေးထပ်ကျောင်းနေရာတွင် ဆောက်လုပ်ခဲ့သဖြင့် လေးထပ်ကျောင်းကြီးဟုလူသိများခဲ့သည်။ ၁၂ဝဝ ပြည့် ငလျင်ကြောင့် ဂန္ဓကုဋီတိုက်မှာ ပျက်စီးခဲ့ပြီး ပုဂံမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၂ဝ၉ ခုနှစ်တွင် အမရပူရသို့ ပင့်ဆောင်ကာ မဟာဝိဇယရံသီစေတီတော်ကြီး၏ တောင်ဘက်၌ ဘုံ(၅)ဆင့် ပြာသာဒ်ဆောက်လုပ်၍ တည်ထားကိုးကွယ်ခဲ့ပါသည်။ သီပေါမင်းလက်ထက် ၁၂၄၇-ခုနှစ်တွင် ၎င်းရုပ်ပွားတော်ကြီးအား အမရပူရမှ မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ ယခုလက်ရှိ ကိန်းဝပ် တော်မူသောနေရာသို့ ပင့်ဆောင်ကိုးကွယ်ခဲ့သည်။ လက်ရှိကြွင်းကျန်ရစ်သော ဘကြီးတော်ကောင်းမှု မုခ်ပေါက်(၄) ပေါက်ပါ လေးဘက်ညီ အုတ်ဂန္ဓကုဋီတိုက်မှာ ပြာသာဒ်ဖြင့် တည်ဆောက်ခဲ့သည်။ မျက်နှာလေးဘက်တွင် မုခ်ခုံတပ်ထားသည်။ မုခ်တံကဲတွင် သိကြားရုပ်၊ မိကျောင်းရုပ်၊ ခြင်္သေ့ရုပ် တို့ကို အင်္ဂတေပန်းများဖြင့် ထုလုပ်ထားပြီး အုတ်ပြာသာဒ်ကို အစောင့်ဘီလူးရုပ်ပါ စိန်တောင်(၃) ဆင့်ဖြင့် ကာရံထား သည်။ စတုတ္ထအင်းဝခေတ်(အမရပူရ) ဗိသုကာလက်ရာများကိုတွေ့ရှိရပါသည်။ လက်ရှိဂန္ဓကုဋီတိုက်ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိပါသည်။ ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် တောင်ဘက်နှင့် အရှေ့ဘက်၌ အုတ်ကြမ်းခင်းခြင်း၊ နံရံအက်ကွဲကြောင်းကြီး Grouding လောင်းခြင်း၊ အပေါ်တွင် ရေပိတ်လွှာ လောင်းခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။