အမျိုးသားစာကြည့်တိုက် (ရန်ကုန်)

အမျိုးသားစာကြည့်တိုက်သမိုင်းအကျဉ်း

အမျိုးသားစာကြည့်တိုက်သည် ဘားနတ်စာကြည့်တိုက်မှစာစုကိုအရင်းတည်၍ဖွင့် လှစ်သော စာကြည့်တိုက်ဖြစ်သည်။၁၈၈၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင်ဝန်ရှင်တော် မင်းကြီးဆာချား အက်ဒွပ်ဘားနတ် (Sir Charles Edward Bernard) နှင့်အောက်မြန်မာ ပြည်တရားပိုင်မင်းကြီး၊  ပညာရေးဆင်ဒီကိတ်အဖွဲ့ဝင်ဥက္ကဌဆာဂျွန်ဂျာဒင်း (Sir John Jardine) တို့ကအမှူးပြု၍  “ဘားနတ်အခလွတ်စာကြည့်တိုက်” ကိုဖွင့်လှစ်ခဲ့ပါသည်။ ဘားနတ်အခလွတ် စာကြည့်တိုက်သည် မင်းကြီး အက်ဒွပ်ဘားနတ်ပိုင်စာအုပ်များနှင့်၎င်းပိုင်အဆောက်အအုံ (ယခုအ−ထ−က(၁)လသာ​နေရာ) တွင်အစပြုခဲ့ပါသည်။ ဘားနတ်စာကြည့်တိုက်သို့ ပထမဆုံး အဖိုးတန်စာအုပ်စာတမ်းများ လှူဒါန်း သူများမှာ တရားပိုင်မင်းကြီးဆာဂျွန်ဂျာဒင်း၊ပါဠိမောက္ခ ချိလဒါး(Professor Childers)၊ ဦးဖိုးမျှင်နှင့် ဦးမြို့တို့ဖြစ်ပါသည်။ ဦးဖိုးမျှင်နှင့် ဦးမြို့တို့က ငွေကျပ်တစ်သောင်းတန် ပေ၊ပုရပိုက် များနှင့် စာအုပ် များကိုလှူဒါန်းခဲ့ပါသည်။ ၁၉၂၁ ခုနှစ်တွင် ကင်းဝန်မင်းကြီး ပိဋကတ်တိုက်မှ  ပေ၊ပုရပိုက်၊ စာမူ စာအုပ်အစုစုကို ငွေ ၁၅၀၀၀ ကျပ်ပေး၍လည်းကောင်း၊ ၁၉၄၂ ခုနှစ်တွင် ပုဂံဝန် ထောက်မင်းဦးတင်၏ ပိဋကတ်တိုက်ကို ကျပ်ငွေ ၅၀၀၀ ပေး၍လည်းကောင်း ဝယ်ယူဖြည့်တင်း ခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန်တွင် ဘားနတ်စာကြည့်တိုက်မှာ စစ်ဒဏ်ကြောင့် ပရိဘောဂ များနှင့် စာအုပ်စာတမ်းပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ပါသည်။ လွတ်လပ်ရေးရပြီးသော အခါ ၁၉၅၂ ခုနှစ် ဇွန်လ (၁)ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ နိုင်ငံတော်စာကြည့်တိုက်၊ ၁၉၆၄ ခုနှစ်တွင် အမျိုးသားစာကြည့်တိုက် ဟူသောအမည်ဖြင့်ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။ အမျိုးသား စာကြည့်တိုက် သည်ပြောင်းရွေ့မှုအဆင့်ဆင့်ပြုလုပ်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ်မှစ၍ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) နှင့် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ဟူ၍ဖွဲ့စည်:ခဲ့ပါ သည်။ အမျိုးသားစာကြည့်တိုက်သည် သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့်တိုက်ဦးစီးဌာန၊ အောက်တွင်တည်ရှိပါသည်။

အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရန်အတွက် အမှတ် ၆၀၄/၆၀၈၊ ကုန်သည်လမ်း(၃၁လမ်းနှင့် ၃၂လမ်းကြား)ရှိအဆောက်အဦကို အကြီးစားပြုပြင်မွမ်းမံမှုများ ဆောင် ရွက်လျက်ရှိသည်။

ယင်းပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်မှ စတင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်သည်။ ပြုပြင်မွမ်းမံမှုလုပ်ငန်းများကို သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ ဗိသုကာပညာရှင်များနှင့် မြန်မာနိုင်ငံစာကြည့်တိုင်အသင်းမှ ပညာရှင် များ ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

၂၀၂၀ပြည့်နှစ် ပထမလေးလပတ်တွင် ဖွင့်လှစ်နိုင်ရန်လျာထား ဆောင်ရွက်လျက်ရှိသည်။

        အဆိုပါ ပြောင်းရွှေ့ဖွင့်လှစ်မည့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) မြေညီထပ်တွင် Information Desk ၊ Data Center  mobile shelves များနှင့် Bikes Shop Exhibition Hall များရှိပါမည်။    

ပထမထပ်တွင် Digital Library၊ Multimedia room နှင့် လူ၂၅၀ဆံ့ အစည်းဝေးခန်းမ များပါရှိပါမည်။ ဒုတိယထပ်တွင် စာဖတ်ခန်းများ၊ ရှားပါးစာအုပ် စာနယ်ဇင်းများ၊ ပေပုရပိုက်များနှင် အစည်းဝေးခန်းပါရှိမည်။ တတိယထပ်တွင် ကလေးစာကြည့်တိုက်၊ မသန်စွမ်သူများ အတွက် အထူး စာဖတ်ခန်း၊ သီးသန့် စာဖတ်ခန်းများနှင့် သင်တန်းခန်များရှိပါမည်။

အမျိုးသားစာကြည့်တိုက်ကို ယင်းအဆောက်အဦသို့ ပြောင်းရွှေ့ဖွင့်လှစ်ပြီး နောက်တွင် အမျိုး သားစာကြည့်တိုက် အဖွဲ့ဝင်စနစ် စာငှားစနစ်များ ထည့်သွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

အမျိုးသားစာကြည့်တိုက်၏ပြောင်းရွေ့မှုအဆင့်ဆင့်မှာ−

၁၉၄၈ ခုနှစ် သြဂုတ်လ ၁ ရက် မြူနီစပယ်အဆောက်အအုံ (မြို့တော်ခန်းမ)
၁၉၅၂ ခုနှစ်၊ ဇွန်လ ဂျူဗလီဟော (စစ်သမိုင်းပြတိုက်)
၁၉၆၂ ခုနှစ်၊ ဇွန်လ အမှတ်၁၆၆၊ပန်းဆိုးတန်းလမ်း (ဒုတိယနှင့်တတိယထပ်များ)
၁၉၆၄ ခုနှစ်၊ သြဂုတ်လ မြို့တော်ခန်းမ (တတိယထပ်)
၁၉၈၄  ခုနှစ်၊ သြဂုတ်လ ၆ ထပ်ရုံး၊ ကမ်းနားလမ်း
၁၉၉၅ ခုနှစ်၊ ဇူလိုင်လ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့် လေးထောင့်ကန်လမ်း
၂၀၀၈ ခုနှစ်၊ မေလမှ ယခုထိ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)  ရန်ကင်းမြို့နယ်၊သီရိမင်္ဂလာရိပ်သာလမ်း နှင့် ကမ္ဘာအေးဘုရားလမ်း